ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Friday, July 16, 2010

မြန်မာကွ

ဘူတန် က သူငယ်ချင်း တယောက် အတွက် ကားလိုက်ဝယ်ပေးဖို့ မနေ့က ကားအရောင်းဆိုင် တွေကို လျှောက်ကြည့် ခဲ့တယ်၊ တဆိုင်ဝင် တဆိုင်ထွက်နဲ့ ညနေ ၅ နာရီလောက်မှာ ကားအရောင်းဆိုင် တခုကို ရောက်ခဲ့တယ်၊ အမေရိကားရဲ့ အပူချိန်ကလဲ ဘယ်လောက်ပဲ အဲယားကွန်းတွေ ဖွင့်ဖွင့် ကားထဲကနေ အပြင်ကို ခဏလေး ထွက်လိုက်တာနဲ့ မိနစ်ပိုင်းအတွင်း မခံနိုင်လောက်အောင် ပူအိုက်လာခဲ့တယ်၊ တကယ်တော့ ဒီအပူချိန် လောက်ဟာ မြန်မာပြည်နဲ့ အာရှမှာဆို စာမဖွဲ့လောက် ပါဘူး၊ အမေရိကားရဲ့ အအေး ရာသီကို ရင်ပါးလာတာနဲ့ အမျှ လူပါးတွေကလည်း ၀ ၀ လာတယ်၊ ကိုယ့်ကိုကိုယ်လည်း သတိထားမိပါတယ်လေ မြန်မာပြည်မှာဆို လက်ရှိအစိုးရ အုပ်ချုပ်နေမှူမျိုးနဲ့ ကိုယ်တွေ ဘ၀ ဆယ်သက်သာ လည်သွား လိမ့်မယ် အခုလို အဲယားကွန်း မပြောနဲ့ ၀ဲယားကွန်းတောင် အနားကပ်လို့ ရမှာ မဟုတ်၊ ဒါပေမယ့် အဲ့ဒါတွေက ပြည်သူတွေ မိုလို့ပါ၊ သူတို့ အမျိုးတွေဆို နိဗ္ဗာန်မှာ နေရတာ ထက်တောင် သာနေသေးတယ်၊ ပြည်သူတွေရဲ့ ချွေးတွေ သွေးတွေနဲ့ လယ်ကွင်းထဲမှာတောင် နန်းတော်ကြီးတွေက ဟီးနေလို့၊ သူတို့ အကြောင်းတွေချည်း ပြောနေလို့ လိုရင်းကိုတောင် မရောက်တော့ဘူး တော်ပီ နောက်များ ကြုံမှပဲ ဆက်ပြောတော့မယ်။

အဲ့ဒီ ကားဆိုင်းလေးမှာ သူငယ်ချင်း အကြိုက် ကားလေး တစီး တွေ့ခဲ့တယ်၊ Mazda Protege 2001 လေးပါ mileage က 75000 ကျော်လေးပဲ ဈေးနှုံးကလည်း $3700 ကားတစီးလုံးရဲ့ ဘော်ဒီကလည်း အရမ်း လတ် နေသေးတယ်၊ သူငယ်ချင်း နှစ်ယောက်သား မတတ် တတတ်နဲ့ အတွင်းအပြင် အကုန်းလုံး လျှောက်ကြည့် နေတော့တယ်၊ မသိရင်တော့ ကားအကြောင်း အရမ်း နားလည်တဲ့ မြန်မာပြည်က ကားပွဲစားတွေပေါ့၊ ဒါပေမယ့် ကိုယ်တွေကို ဘယ်သူတွေလဲ ဘယ်ကလဲ ဆိုတာတော့ ကားဆိုင်မှာ ရှိတဲ့ လူတွေ တယောက်မှ မသိသေးပါဘူး၊ မသိသေးဆိုလဲ ကိုယ်တွေက ဘယ်သူ့ကိုမှ မမေးသေး မမြန်းသေးဘဲ ခပ်တည်တည်နဲ့ လိုက်သာ ကြည့်နေ ခဲ့တာလေ။

ခဏကြာလာတော့ ကိုယ်လည်း မျက်နှာ အလိုလို ပူလာတယ် သူငယ်ချင်းကို မေးကြည့်တော့ သူက အဲ့ဒီကားလေးကို သဘောကျတယ်တဲ့ ဒါနဲ့ ဆိုင်ထဲကို သွားမေးကြည့် ကြမယ်လို့ နှစ်ယောက်သား တိုင်ပင်ကာ ဆိုင်ထဲ ၀င်ခဲ့ကြတယ်၊ ဆိုင်ရဲ့ အရောင်း ကောင်တာမှာ ဆိုင်ရှင်လို့ ထင်ရတဲ့ လူတယောက်နဲ့ တခြား လူနှစ်ယောက်ကို တွေ့ခဲ့တယ်၊ ကိုယ်တွေကို တွေ့တွေ့ချင်းပဲ Asian တွေ ဆိုတာ အလိုအလျှောက် သိနေတယ်နဲ့ တူတယ်၊ လူငယ်တယောက်က လှမ်းမေးလိုက်တယ်၊ မင်းတို့ကို ကြည့်ရတာ လူရိုးလေးတွေ လိုပဲတဲ့ ဘယ်နိုင်ငံကလဲပေါ့။

သူငယ်ချင်းက သူဟာ ဘူတန်နိုင်ငံက ဖြစ်ကြောင်း ပြောတော့ လူငယ် တယောက်က ဘူတန်ကို မသိသေး၊ ဒီတော့ ကျန်လူကြီး နှစ်ယောက်က သူကို ကိုယ်တွေ အစား ရှင်းပြလိုက်တယ် အန္ဒိယနဲ့ တရုတ်ပြည် ကြားက နိုင်ငံလေ ဆိုတော့ သူငယ်လည်း လျှင်မြန်စွာနဲ့ သဘော ပေါက်သွားခဲ့တယ်၊ ဩော် …. သိပြီ … သိပြီ တဲ့လေ … အတော် သဘော ပေါက်လွယ် တဲ့ လူငယ်လေးပါ …

ကိုယ့်အလှည့် ရောက်လာပြီလေ ..... ကိုယ်လဲ ဘယ်ရမလဲ အားတင်း ထားတာပေါ့ ငါ့နိုင်ငံကတော့ ကမ္ဘာမှာ နာမည်ကြီးလေ မကြာသေးခင်ကပဲ … ရွှေဝါရောင် ကိုယ်တော်တွေ မ စ လို့ မြန်မာကို ကမ္ဘာက သိခဲ့ပြီးပြီ ထို့အတူ အမေရိကန် ကဆို တတိုင်းပြည်လုံး သိကြလို့ ခဏ ခဏ တောင် လူတွေ့တိုင်း မေးနေကြတယ်၊ BurmaVJ က အော်စကာ ရမယ် ထင်လား? ဘယ်လို ထင်ပါသလဲ? ကိုယ်တွေလည်း အမြဲတမ်း ၀င့်ကြွား ခဲ့တာပေါ့ ……. နောက်ထပ် နာမည်ကြီးနေတာ တခုက ကမ္ဘာ့ နာမည်အဆိုးဆုံး အရက်စက်ဆုံး အရမ်းကားဆုံး လူမိုက်ကြီး ငသန်းရွှေကြောင့်လေ၊ သူရခဲ့တဲ့ ဆုက မြန်မာကို ကမ္ဘာက ပိုမိုသိလာတာလဲ တခုအပါ အ၀င်ပါပဲ … သူ့ကိုယ်တောင် ပြန်ပြီး ကျေးဇူးတင်ရ မလိုတောင် ဖြစ်နေပီ ……

ဒီလိုနဲ့ ကိုယ်က မြန်မာပြည်က လာကြောင်း ပြောနေတာပေါ့ … အခုနက လူငယ်ပဲလေ .. လူငယ်ပီပီ ဗဟုသုတ ရချင်တယ် ထင်ပါဘိ … Burma ဆိုတာ ဘယ်မှာလဲ Burma ဆိုတာ ဘာလဲ Burmese ဆိုတာ ဘယ်သူ တွေလဲ? … ထုံးစံအတိုင်း အခုနက လူကြီး နှစ်ယောက်ကပဲ ကိုယ့်အတွက် ရှေ့နေ လုပ်ပေးလိုက် တယ် .. ဗမာပြည်က ထိုင်းနဲ့ အန္ဒိယ နားက နိုင်ငံပေါ့ .. ဒါပေမယ့် ဒီတခါတော့ ကိုယ်ကပဲ ကံဆိုးလို့လား? ဒီခလေးပဲ အသုံး မကျတလား မသိပါ .. ဗမာပြည်ကို သူ့ခေါင်းနဲ့ မျက်စိထဲမှာ ဘယ်လိုမှ ပုံရိပ် မထင်တော့ပါ ….

နဂိုက တင်းထားတဲ့ အားတွေ အကုန်လုံး သဲထဲ ရေသွန် ဖြစ်ခဲ့ပြီ၊ ဘူတန်က သူငယ်ချင်း ကိုလည်း အရမ်း မျက်နှာ ပူလာပြီလေ၊ အရင်ရောက်နှင့် နေတဲ့ လူအဖြစ် ကိုကချည်း အမြဲတမ်း ကြွားဝါခဲ့တာ၊ မြန်မာ့ အရေးတွေကို အမေရိကန်တွေ သိအောင် ဘယ်လို ကြိုးစား နေသလဲ? ဘာတွေ ဆက်လုပ်မယ်ပေါ့ …. အခု ဒီခလေး လုပ်လိုက်လို့ ကျနော့် မရှိတဲ့ အရှက်တွေ ဗွမ်းဗွမ်း ကွဲကုန်ပြီ …. နဂိုက နေပူထဲမှာ ကားလိုက်ကြည့် နေရတာက တကြောင်း၊ ကိုယ့်နိုင်ငံကို မသိသေးတဲ့ ခလေးလေးကြောင့် တကြောင်း၊ စိတ်ထဲမှာ ဒေါသတွေ အလိုလို ထွက်လာခဲ့တယ်၊ ဒီလိုပဲ မှင်သေသေနဲ့ အကြံထုတ်ရန် ဆေးလိပ်တလိပ်ကို မီးညှိရင်း ကောက်ဖွာမိလိုက်တယ် …. ဆေးလိပ်ကလည်း တယ်အကျိုးပေး သကိုး ရုပ်တရက် ဆိုသလိုပဲ ခေါင်းထဲက အကြံတွေ ထွက်လာတယ် … ဘူတန်က သူငယ်ချင်း ကလဲ စကားကောင်း နေတာ မသိရင် အခုမှ အမျိုးတွေ ပြန်စုံနေကြသလိုပဲ …. မထူးတော့ပါဘူး .. ရိုင်းတယ်လို့ ထင်ချင်လည်း ထင်ပါစေတော့ သူတို့ စကားဝိုင်းကို By the way နဲ့ ၀င်နှောင့်ယှက် လိုက်တယ် ….

ကျနော်က သူတို့ အားလုံးကို မေးလိုက်တယ် …. “မနေ့ညက Eagle လမ်းနဲ့ Kossuth Ave ထောင့်မှာ Asian Gang အုပ်စုနဲ့ LES Gang တွေ ရန်ဖြစ်ကြရင်း ခလေး ၆ ယောက်ကို ရဲက ဖမ်းမိသွားတယ်လေ .. ခင်ဗျားတို့ အဲ့ဒါကို သိကြရဲ့လား? သူတို့ သုံးယောက်လုံးက အားရပါးရ တပြိုင်တည်း ၀ိုင်းဖြေခဲ့ကြတယ် သိတယ် … သိတယ် … ဒီခလေးတွေက Proctor High School ကလေ …. Proctor High School ဆိုတက ကျနော်တို့ နေတဲ့ မြို့က လူဆိုး စာရင်းဝင် အထက်တန်းကျောင်း လေးပါ မြန်မာနိုင်ငံက ရောက်လာတဲ့ ခလေးတွေလည်း ဒီကျောင်းမှာပဲ အဓိက တက်ရောက် နေကြတာလေ၊ ဒါနဲ့ သူတို့ သုံးယောက် အဖမ်းခံ ထိခဲ့တဲ့ ခလေးတွေကို ဘယ်လောက် သတ်ပစ်ချင် နေကြသလဲတော့ မသိပါ၊ သူတို့ရဲ့ မျက်လုံးထဲမှာ ကျနော်ပြော လိုက်တာကို ကြားကြားခြင်းပဲ ဒေါသအရိပ် အရောင်တွေနဲ့ အမေရိကန် Gang က 16 နှစ်အောက် မိန်းခလေး တယောက်ကို ၀ိုင်းရိုက်လို့ အခု ဆေးရုံ တင်ထားရကြောင်း Asian Gang က ခလေးတွေကို Juvenile အချုပ်မှာ ပို့ထားကြောင်း သူတို့ကပဲ တရစပ် ပြောပြနေခဲ့တယ် … တဆက်တည်းမှာပဲ ခလေးလေးက စကားဝိုင်းကို ဖျက်လိုက်တာက ….. ‘ဒါနဲ့ နေပါဦး.... ဒီခလေးတွေနဲ့ မင်းလာတဲ့ နိုင်ငံနဲ့ ..... ဒီ Gang နဲ့က ဘာဆိုင်လို့ လို့လဲ? လို့’ ကျနော့်ကို ပြန်မေးခဲ့တယ်၊ ကျနော်က - ဒီတခါတော့ စကားကို ဟိုလှည့် ဒီလှည့် ပြောလို့ မရ တော့ဘူး …..မိမိဂုဏ်ယူဝင့်ကြွားခဲ့တဲ့ အခုနက မေးမိတဲ့ မေးခွန်းကို ပြန်လည် ဖြေကြားဖို့ အချိန် ရောက်လာ ပြီလေ။

ကျနော်က ‘မင်း - သူတို့ကို သိတယ် မဟုတ်လား?’ ခလေးက ‘ဟုတ်ကဲ့ သိပါတယ် သူတို့က ကရင်ကလေး တွေလေ’ …. ကျနော်က ‘ဟုတ်ပါတယ် …. ငါလဲ သူတို့နဲ့ အတူတူပါပဲ.... ငါတို့က ဗမာပြည်က ရောက်လာတဲ့ ဒုက္ခသည်တွေလေ’ ….. ‘ငါတို့ အားလုံးက မြန်မာနိုင်ငံသားတွေကွ’ ကျနော့် စကားပြီးပြီးချင်း မှာပဲ ကား အရောင်းဆိုင်က ဆိုင်ရှင်နဲ့ အတူ သူတို့ သုံးယောက်သား ငြိမ်ချက်သား ကောင်းသွား ကြတယ် ….. ကျနော် ဘယ်နိုင်ငံက လာသလဲ၊ ဘာလူမျိုး ဆိုတာလဲ သူတို့ အားလုံး သိသွားကြတယ် …….

မြန်မာကို ကမ္ဘာက သိအောင် မြန်မာနိုင်ငံသားများ အားလုံး ၀ိုင်းဝန်း ကြိုးပမ်း နေကြပုံကို ဇတ်လမ်းလေး တပုတ်ဖြစ်အောင် ရေးလိုက်ရင်း …..

မနေ့ တနေ့က ကျနော်တို့ မြို့မှာ ခိုက်ရန် ဖြစ်ပွါးရင်း Asian Gang အဖွဲ့မှ မြန်မာနိုင်ငံသား ခလေးများ အဖမ်းခံ ခဲ့ရပါတယ် … ဒါကို ဇတ်လမ်းလေး ရအောင် ရေးမိတာပါ အသေးစိတ်ကို အောက်ပါ လင့်ခ်တွင် သွားရောက် ဖတ်ရှူ့နိုင်ပါတယ် ……

http://www.uticaod.com/photos/x1143360552/Arrests-made-after-gang-violence-in-East-Utica?photo=4

အားလုံးကို ခင်တဲ့

ကိုဇော် ….

7 comments:

ဂျူနို said...

ဘယ်လိုများ ဖြစ်ကြတာလဲ ကိုဇော်ရေ။ ဓါတ်ပုံထဲက ဘောင်းဘီ ပြုတ်နဲ့တဲ့ တယောက်က ဗမာလား။

ဒါနဲ့ အဲ့ဒိဂိုဏ်းကလူတွေ ကားပြခန်းထဲ ရန်ရှာဖို့ လာတယ်ထင်ပြီး ရဲကို ဖုန်းမဆက်လိုက်တာ တော်သေး။

မအယ်

ကိုလူထွေး said...

တော်သေးတာပေါ့...
ဟိုတခါလို... မြန်မာလား.. သိတယ်လေ... ခမ်းမမငှားနဲ့.. ဆိုတာမျိုး ပြောလာရင် ခက်ရချေရဲ့...

းဝ)

သူကြီးမင်း (တုံးဖလား) said...

ဂုဏ်ယူလိုက်စမ်းပါ။ အဲဒါ မြန်မာကွလို့။းဝ)

ဒါနဲ့ စကားမစပ်။ အဲဒီအဖွဲ့ထဲ ကိုဇော်တစ်ယောက်ရော ပါဝင်တယ်ဟုတ်။ ဟာ ဟ

ခင်မင်လျက်။
ကိုကိုမောင် (ပန်းရနံ့)

Nge Naing said...

ကိုဇော်ရေ ဖြစ်မှဖြစ်ရလေ။ ကျောင်းကောင်းကောင်း မရရင် ဒီလိုပဲ ကလေးတွေက ဂိုဏ်းတွေထဲ ပါသွားတတ်ကြတယ်။ ဒီမှာလည်း သိပ်သတိထားရတယ်။ ကလေး High School တက်ရတော့မယ်ဆိုရင် မိဘတွေက ကျောင်းရဲ့ နောက်ခံနဲ့ အခြေအနေကို လေ့လာပြီးမှ ပို့ဖို့ သိပ်ကို အရေးကြီးတယ်။

ယွန်း said...

ကိုယ့်မြန်မာပြည်သားတွေ ဒီလိုမျိုး မြင်ရတာ တကယ်စိတ်မကောင်းစရာပါပဲ ...

ခင်တဲ့
ယွန်း

HRmyanmar said...

စာလာဖတ်ဖြစ်တယ် ကိုဇော်ရေ.........
အော် မြန်မာ ရယ် ဟူးးးးးးး

မိုးစက်အိမ် said...

ဖြစ်ရမယ် ကိုဇော်ကြီးတို့ က သိက္ခာတော့
အကျမခံဘူးပေါ့ ဘယ်ရမလည်း ဒီလောက်
မသိချင်အုံးဆိုပြီး ဟီးးးးးးးးးး ပါးပါးလေးပုတ်
လိုက်တာမလား ဘာဘဲဖြစ်ဖြစ် အဲကောင်တွေ
ကိုဇော်ကြီးတော့နဲနဲရှိန်သွားတယ်မလား :P