အာယုတို့ဇတ်လမ်း (တပ်ထဲဝင်သွားခြင်း) မှ အဆက်
အာယုကလဲ သူ့အဖေမှာတာတွေကို အမြဲလိုက်နာရှာပါတယ် လုံးဝစစ်တပ်ထဲဝင်ဖို့ စိတ်မ၀င်စားခဲ့ပါဘူး ၈၈ ဒီမိုကရေစီ လူထုအုံကြွမှုကြီးမှာတုန်းက သူက (၈ တန်း) အလယ်တန်းကျောင်းသားလေးပီပီ သူအရွယ်နဲ့သူ ဆန္ဒပြပွဲတွေမှာ လိုက်ပြီးပါဝင် ချီတက်ခဲ့တယ်လေ၊ ၈၈ အကြောင်းလေးပြောရင်း ကြော်ငြာဝင်လိုက်အုံးမယ်ဗျာ…. ကြော်ငြာဝင်ရင်း၊ ၀င်ရင်းနဲ့ ကျနော့်ကို လူတွေအရမ်း အမြင်ကပ်သွားမှာလဲ စိုးရိမ်မိသေး…. ဒါပေမယ့် ဗဟုသုတအဖြစ်တော့ ပြောပြ လိုက်တော့မယ်၊ အာယုတို့နေတဲ့ ရပ်ကွက်မှာလေ၊ ၈၈ တုန်းက အာယုတို့အရွယ်တူ လူငယ်လေးတွေက ရပ်ကွက်ထဲမှာရှိကြတဲ့ မူကြိုအရွယ်ကအစ အသက် ၁၁၊ ၁၂ နှစ် ကလေးများကို အိမ်တစ်အိမ်မှာစုကာ တော်လှန်ရေးသီချင်းတွေသင်ပေးပြီး သပိတ်စခန်းလေးတခု ဖွင့်ထားပေးခဲ့တယ်၊ ပြီးတော့ သူတို့ရဲ့ မိဘများနှင့်အတူ ရပ်ကွက်ရှိမိဘများကလည်း မှုန့်တွေနေ့စဉ် လုပ်ကြွေးခဲ့ကြတယ် (အားပေးခဲ့ကြတာပေါ့)၊ အဲ့ဒီအထဲမှာ ပါတီကောင်စီ ခေတ်က ပါတီဥက္ကဌမိသားစုလဲ အပါအ၀င်ပေါ့၊ မူန့်တွေလုပ်ကြွေးခဲ့ကြတယ် (အသတ်ခံရမှာစိုးလိုးနဲ့တူတယ် စစ်တပ်က အာဏာသိမ်းပြီးတော့ မူလအတိုင်း ဟိုဘက်ကိုပြန်ရောက်သွားခဲ့ကြတယ်လေ)၊ ခလေးတွေက မှုန့်လည်းစားရ လူကြီးတွေ လုပ်နေတဲ့အလုပ်တွေကို သူတို့ကိုယ်ပိုင်လဲလုပ်ရတော့ အရမ်းပျော်နေကြတာပေါ့၊ သူတို့ရဲ့  မိဘများက အိမ်ကိုပြန်ခိုင်းရင်တောင် သူတို့ကမပြန်ချင်ခဲ့ကြဘူး၊ အာယုတို့နေတဲ့လမ်းက ပြည်သာယာလမ်းသွယ် (၃) ပါ၊ အဲ့ဒီလမ်းထိပ်မှာ ကလေးတွေက နေ့စဉ်လိုလို မနက်မိုးလင်းတာနဲ့ ဆန္ဒပြပွဲကို လုပ်ခဲ့ကြတယ် အဲ့ဒီလမ်းထိပ်ရဲ့  ဟိုဘက်တချက်မှာပဲ လ္ဘက်ရည်ဆိုင်တဆိုင်လဲရှိသေး (ဦးဗိုက်ကြီး လ္ဘက်ရည်ဆိုင်) လ္ဘက်ရည်လာသောက်ကြတဲ့ လူကြီးများက သူတို့လေးတွေကို မှုန့်တွေဝယ်ကြွေး ခဲ့ကြတယ်၊ သူတို့ပြောနေကြတဲ့ မိန့်ခွန်းများ၊ ဆိုနေကြတဲ့ တော်လှန်ရေး သီချင်းများကို အားပေးနားထောင်ခဲ့ကြတယ်၊ ဒါတွေကို အသိပေးနေရတာက အာယုအပါအ၀င် အာယုတို့ရပ်ကွက်က ၈၈ မှာတုန်းက ဘယ်လောက်တောင် တက်ကြွခဲ့ကြသလဲဆိုတာကို အသိပေးခြင်းပဲ ဖြစ်ပါတယ်။ အာယုရဲ့  လှုပ်ရှားမှုတွေကို မနှစ်မြို့တဲ့ အကိုကြီးနဲ့ အမကြီးများက အာယုကို မင်္ဂလာဒုံမှာ ပြန်လာနေဖို့ စည်းရုံးရေးဆင်းခဲ့ကြတယ်၊ အာယုကလည်း သင်္ကန်းကျွန်းမှာနေပြီး ဆန္ဒပြနေရတာကိုပဲ ပျော်နေပြီလေ လုံးဝကို မပြန်ချင်တော့ဘူး။
အာယုအကြောင်း တခုပြောဖို့ကျန်ခဲ့တယ် အဲ့ဒါက…. အာယုဟာ စာအသင့်အတင့်တော်တဲ့ ကျောင်းသားလေး တယောက်ဖြစ်ခဲ့တယ် အဲ့ဒီနှစ်တွေတုန်းက မြန်မာပြည်မှာ ၈ တန်းကို အစိုးရစစ်အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်၊ ၈ တန်းအောင်တဲ့အခါမှာ အောင်မှတ်များရင် Science အောင်မှတ်နည်းရင် Art အဖြစ် အစိုးရက လိုင်း၂ လိုင်း ခွဲခြားခဲ့တယ်၊ အာယုက စာတော်တော့ အင်္ဂလိပ်စာမှာ ဂုဏ်ထူးထွက်ပြီး ၈တန်းကို Science နဲ့ အောင်ခဲ့တယ် လေ၊ ၉ တန်းရောက်တဲ့အခါ Science ကျောင်းသားလေးဖြစ်တဲ့ အာယုဟာ အောက်ခြေလေး နည်းနည်း လွတ်နေပါပြီ၊ မိဘများကလည်း နဂိုတည်းက အငယ်ဆုံးမို့မြှောက်ထားတာက တကြောင်းပေါ့။
ဒါနဲ့ဘဲ ၁၉၈၉ စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းလိုက်ပါပြီ အာယုရဲ့  မင်္ဂလာဒုံမှာရှိတဲ့အမက အာယုကို ချော့မော့ပြီး လာခေါ်သွားခဲ့တယ် သူကျောင်းထားပေးမယ်ပေါ့၊ တခြားမက်လုံလေးတွေပေးပြီးလည်း စည်းရုံးသွားသေးတယ်၊ အာယုလည်း ဘယ်ခံနိုင်တော့မလဲ သူအမ စည်းရုံးမှုတွေထဲမျောပါသွားခဲ့တယ်၊ ဒါနဲ့ပဲ အာယုတယောက် ၉ တန်းနှစ်ကို မင်္ဂလာဒုံဆေးတပ်ဝင်းထဲမှာ ကျောင်းတက်ဖြစ်ခဲ့တယ်၊ အဲဒီတနှစ်လုံး အာယုနဲ့ ကျနော်တို့ သိပ်မတွေ့ဖြစ်တော့ဘူး။
ကျနော်တို့ကတော့ အာယုကို အရမ်းခင်မင်ရတော့ အာယုအကြောင်းတွေကို သူ့ရဲ့  အဖေဖြစ်တဲ့ ပါပါကြီးကို မေးဖြစ်ခဲ့တယ်၊ ပါပါကြီးပြောပြတာကတော့ ……. အာယုကို သူ့အမက ထိန်းသိမ်းမနိုင်တော့ကြောင်း အပေါင်း အသင်းတွေ မှားနေကြောင်း ….. တပ်ဝင်းထဲမှာရှိတဲ့ အပေါင်းအသင်းများစီက အတတ်ပညာပေါင်းစုံကို သင်ယူ နေကြောင်း၊ ကြားသိခဲ့ရတယ်၊ အဲ့ဒီနှစ်မှာ အာယုတယောက် အပြောင်းအလဲကြီးပြောင်းလဲသွားခဲ့တယ် ….. ၁၉၉၀ မှာပေါ့ အာယုဟာ အထက်တန်းကျောင်းသား လုံးလုံးဘ၀ကိုရောက်လာပါပြီ အဲ့ဒီနှစ်မှ သူက ၉ တန်းလေ၊ လူပျိုပေါက်ဘ၀ကို အသေအချာ ပိုင်ဆိုင်လာတော့ အာယုဟာ ဆိုးချင်းတိုင်းဆိုး၊ ကမ်းချင်တိုင်း ကမ်းလာတော့တာပေါ့၊ ဆေးလိပ်သောက်လဲ သင်နေပါပြီ၊ ရည်းစားထားခြင်း အတတ်ကိုလည်း သင်ယူပြီး ယမကာဆိုတာလည်း ရစ်ဝဲနေပါပြီ၊ ပိုပြီးထူးခြားတာက မှန်ကြည့်တာကို ပိုမိုပြီး စွဲလမ်းနေပါပြီ၊ အဲဒါကတော့ သူဝါသနာအပါဆုံးလို့ ပြောရင်မမှားပါဘူးလို့ ထိုအချိန်က သူ ကျနော့်ကို ပြောပြခဲ့ဘူးတယ်၊ အမများက ၀င်ငွေ အတောာ်ကောင်းတော့ အာယုမှာ ပိုက်ဆံက ဖောဖောသီသီပဲ၊ အာယုရဲ့  အမကြီးက အာယုကို ၀ိုင်းကျူရှင် ထားပေးခဲ့တယ် အဲ့ဒီတော့ အာယုဟာ နောက်ထပ်ဝင်ငွေတွေ ပိုသွားခဲ့တာပေါ့၊ ဖဲရိုက်ဖို့ ပိုက်ဆံလိုလာတဲ့အခါ ကျူရှင်လခတွေကို ဖဲရိုက်ပစ်လိုက်ကော၊ ကျူရှင်လခမပေးနိုင်တော့ အာယုတယောက် ကျူရှင်လဲ မတက်ရဲတော့ပါဘူး၊ ဒါပေမယ့် သူ့အမဆီကတော့ ကျူရှင်လခတွေကို တောင်းမြဲတောင်းကာ ဖဲကိုလည်း ရိုက်မြဲရိုက်နေဆဲပါပဲ၊ ကံဆိုးချင်တော့ သူ ကျူရှင်မတက်တော့တာကို သူ့အမကြီးသိသွားခဲ့တယ်လေ၊ ဒါနဲ့ သူအမက ပါပါကြီးတို့ကို ဖုန်းဆက်ပြီး လှမ်းတိုင်ပါလေရော၊ အဲ့ဒီနှစ်က အာယုတယောက် ၉ တန်းစာမေးပွဲ ကျခဲ့တယ်၊ အာယုရဲ့  အမကြီးကလည်း အာယုကို ထိန်းမနိုင်တဲ့အဆုံး သင်္ကန်းကျွန်းကို ပြန်မောင်းထုတ်ခဲ့တယ်။
ဒါနဲ့ပဲ အာယုဟာ ၉ တန်း ဒုတိယနှစ်ကို သင်္ကန်းကျွန်း အ.ထ.က (၂)မှာ ပြန်တက်ခဲ့တယ်၊ ၉ တန်းကျောင်း တက်ရင်း မိဘများက စာမလိုက်နိုင်မှာ စိုးရိမ်လို့ သူ့ကို ကျူရှင်တွေထားပေးခဲ့တယ်၊ သင်္ကန်းကျွန်းမှာ အာယု တက်ခဲ့တဲ့ ကျူရှင်တွေကတော့ မင်္ဂလာဒုံမှာလို ၀ိုင်းကျူရှင်တွေ မဟုတ်ခဲ့ဘူး လခနဲ့တက်ရတဲ့ အတန်းကျူရှင်တွေလေ၊ အဲဒီအချိန်က သင်္ကန်းကျွန်းမှာ နာမည်အကြီးဆုံးတွေဖြစ်တဲ့ “Chemistry ဆရာညီညီ” နဲ့ “Physics ဆရာဦးဥာဏ်လွင်” တို့ တွေမှာ တက်ခဲ့တယ်၊ ဒီလိုလခစားကျူရှင်တွေဟာ ကျူရှင်တက်တယ် မတက်ဖူးဆိုတာကို မိဘများက မသိနိုင်ဘူးလေ၊ ဒါတွေဟာလဲ အာယုအတွက် အခွင့်အရေးတရပ်ဖြစ်ခဲ့တယ်၊ Repeater ဖြစ်တဲ့ အာယုဟာ စာကိုလည်း အရင်ကလို စိတ်ဝင်တစားမရှိ မင်္ဂလာဒုံကပါလာတဲ့ အကျင့်စာရိုက်တွေကိုလဲ ဖျောက်ဖျက်လို့မရတော့ပဲ သူဟာ လုပ်နေမြဲအတိုင်း ဖဲရိုက်ခြင်း ၀ါသနာကို ဆက်လက်ကျင့်သုံးခဲ့တယ်၊ ကျောင်းပြေးခြင်းအလုပ်ကိုလဲ တစိုက်မတ်မတ် လုပ်ခဲ့တယ်၊ အာယုကျောင်းပြေးပြီး ဘာလုပ်လဲဆိုတော့ ဘောက်ထော်ဘူတာမှာရှိတဲ့ မီးရထားဝင်းထဲမှာ ဖဲသွားပြီး ရိုက်ခဲ့တယ်၊ အဲ့ဒီမီးရထားဝင်းထဲမှာ ဖဲဝိုင်းက နေတိုင်းရှိနေတယ်လေ၊ မိဘများဆီက ကျူရှင်လခများကို တောင်းယူကာ ဖဲဝိုင်းမှာ အမြဲတမ်းသွားဖြူန်းလေ့ရှိတဲ့ အာယုဟာ ကျောင်းဆိုလဲ မှန်မှန်မတက်၊ ကျူရှင်တွေလဲ ပျက်နေတော့ စာကို လုံးဝ စိတ်မ၀င်စားတော့ပါဘူး၊ ကျောင်းခေါ်ချိန်ပျက်တာများလို့ အိမ်ကိုလဲ တိုင်စာရောက်တာ မနည်း၊ ပါပါကြီးလည်း ကျောင်းမှာ ဆရာများနဲ့ သွားတွေ့ကာ လက်မှတ်ထိုးပေးခဲ့ရတဲ့ အကြိမ်တွေကလည်း မရေတွက်နိုင်တော့၊ ကြာလာတဲ့အခါ မိဘများက သူ့အတွက် စိတ်ဆင်းရဲလာခဲ့ရတယ်၊ ပါပါကြီးလဲ အာယုစိတ်နဲ့ အိပ်ရာထဲလဲခဲ့ရတယ်၊ နဂိုတည်းက ကျန်းမာရေး ချို့ တဲ့ခဲ့တဲ့ ပါပါကြီးတယောက် အာယုကြောင့် စိတ်ဖိစီးမှုတွေ ပိုလာခဲ့တယ်။
ကျောင်းပျက်ရက်များလာတော့ အာယုကို အတန်းပိုင်ဆရာမက ကျောင်းမှထုတ်ပစ်ခဲ့တယ်၊ ဒါနဲ့အာယုလဲ ထိုကိစ္စကို မိဘများ မသိအောင် ဖုံးကွယ်ထားပြီး ကျူရှင်ကိုဖိတက်ကာ စာမေးပွဲကို အပြင်ဖြေနှင့် အောင်ရန် ကြံစည်ခဲ့တယ်၊ ကျောင်းတက်ချိန်များကိုတော့ မိဘများမရိပ်မိအောင် ပုံမှန်ကျောင်းသွားချိန်မှာ အိမ်ကထွက်ပြီး ကျောင်းပြန်ချိန်မှာ အိမ်သို့ပြန်ခဲ့တယ်၊ အာယုက ကျောင်းမှ ထုတ်ပယ်ခံလိုက်ရတော့ ကျောင်းသွားဟန်ဆောင်ပြီး ဘောက်ထော်ဘူတာက မီးရထားဝင်းရှိ ဖဲဝိုင်းကိုသာ သွားမြဲ သွားနေခဲ့တယ်၊ ဖဲရှုံးပါများတော့ နောက်ထပ်ကစားရန် ပိုက်ဆံများပြတ်လာခဲ့တယ် ဒီတော့ကျူရှင်လခများကိုသုံးပြီး ဖဲရိုက်ခဲ့တယ် တလ၊ နှစ်လ ကျူရှင်လခ မပေးနိုင်တော့ ကျူရှင်လဲပဲ ထွက်လိုက်ရတယ်…..ဖဲသမားတွေရဲ့  ထုံးစံအတိုင်း အရင်းပြန်ရနိုးနိုးနဲ့ ဆက်လက်ပြီး ရိုက်ခဲ့တဲ့ အာယုဟာ နောက်ဆုံးမှာတေ့ ကျောင်းလဲပဲထုတ်ခံရ၊ ကျူရှင်လဲပဲ ထွက်ခံလိုက်ရတော့တယ်။
အဲ့ဒီမှာပဲ အာယုရဲ့  ဇတ်လမ်းက စတင်လာပါတော့တယ်၊ အတန်းတင် စာမေးပွဲကြီး နီးလာပါပြီ၊ အာယု တယောက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာပါတော့တယ်၊ သူငယ်ချင်းတွေဆီပြေးရင်းလွှားရင်း အကူအညီများ လိုက်တောင်း နေတော့တယ်၊ စာတွေလိုက်ကျက်လိုက် ရေးလိုက်လုပ်နေတော့တယ်၊ မိဘများ၏ နောက်ကွယ်မှာ သူလိမ်ထားသမျှကို ဒီစာမေးပွဲအောင်စာရင်းနှင့် ကန်တော့ပြီး တောင်းပန်ရန် သူစိတ်ကူးခဲ့မိတယ်၊ အကယ်၍ စာမေးပွဲအောင်လျှင် မိဘများအား ၀န်ချတောင်းပန်ရန် သူ့စိတ်ကူးကို ကျနော်အား ရင်ဖွင့်ခဲ့ဖူးတယ်၊ သို့သော် အာယုတယောက် ကံမကောင်းခဲ့ပေ…. အချိန်နှင့် ကံကြမ္မာက သူ့ကို မျက်နှာသာမပေးခဲ့ချေ၊ တနှစ်ပတ်လုံး မလုပ်ခဲ့တဲ့ စာတွေကို ဤရက်ပိုင်းလေးနှင့် မည်သို့မျှ သူ Cover မလုပ်နိုင်ခဲ့ပေ။
စာမေးပွဲတွေ စပြီ၊ ပထမနေ့မှာ မြန်မာစာဖြေတော့ အာယုတယောက် စာမေးပွဲခန်းထဲသို့ အားကျိုးမန်တက်နှင့် သို့သော် သူစာမေးပွဲ မဖြေနိုင်ခဲ့ပေ၊ ဒုတိယနေ့ အင်္ဂလိပ်စာဖြေတော့ အာယုတို့ ပိုဆိုးပြီလေ၊ လုံးဝကို မဖြေနိုင်တော့ပြီ၊ ဒါနဲ့ပဲ အာယုတယောက် မိဘများ မသိအောင် စာမေးပွဲဖြေဆိုနေကျ နေ့တွေမှာ အိမ်မှ ပုံမှန်ထွက်မြဲထွက်ခါ ဘောက်ထော်ရှိ မီးရထားဝင်းသို့ပင် သွားပြီး သူဖဲရိုက်နေကျ အိမ်တွင် အရက်သွားသောက်လေ့ ရှိခဲ့တယ်၊ နောက်ဆုံး Bio ဖြေပြီးသည့် နေ့တွင်ပင် အာယုတယောက် ပုံမှန်အိမ်မှ ထွက်နေကျအတိုင်း ထွက်ပြီး ဘောက်ထော်ရှိ သူငယ်ချင်းများရှိရာကို သွားခဲ့ကာ အရက်သောက်မြဲ သောက်နေ ခဲ့တယ်၊ ဖဲရိုက်မြဲ ရိုက်နေခဲ့တယ်၊ ထိုနေ့က ကျနော်နှင့် သူငယ်ချင်းများတသိုက် စာမေးပွဲတွေ အောင်မြင်စွာဖြေဆိုပြီး ၀မ်းသာအားရနှင့် ပါတီပွဲလေးလုပ်ဖို့ မိဘများစီမှ ခွင့်တောင်းရန် အိမ်ကို အတူတူပြန်လာခဲ့တယ် ကျနော်တို့အုပ်စုဆီသို့ ပါပါကြီးက ၀မ်းပန်းတသာ ကြိုဆိုကာ အာယုနှင့်တွေ့ရန် လာခဲ့တယ်၊ ကံမကောင်းစွာပဲ အာယုကို မတွေ့တော့ မေးပြီပေါ့၊ ကျနော်တို့လဲ အာယုအကြောင်းကို သိထားနှင့်တော့ ပါပါကြီးကို ဘာမှမပြောပဲ ရှာပုံတော်ဖွင့်ရန် ဘောက်ထော်ဘက်ကို ထွက်လာခဲ့တော့တယ်။
ဘောက်ထော်ရှိ သူငယ်ချင်းများကို ၀င်ခေါ်ရင်း အာယုကိုရှာရန် ဘောက်ထော်သို့ ရောက်လာခဲ့ကြတယ်၊ ဘောက်ထော် မီးရထားဝင်းအရောက် လူစိမ်းတယောက်ကို တွေ့မိလို့ အသေအချာ ကြည့်နေမိတယ်၊ ထိုလူက အသစ်စက်စက်ပြောင်နေအောင် ရိတ်ထားသော ဦးခေါင်း ကတုံး၊ တရုတ် ဘိုးတော်နှင့် တူအောင် မျက်ခုံးမွေးတွေ ရိတ်ခါ၊ ကျနော်တို့ဆီသို့ ဦးတည်လာနေခဲ့တယ်၊ အနားရောက်တဲ့အခါ သူ့မျက်နှာကို ကျနော်တို့အားလုံးတွေ့ဖူးကြောင်း စေ့စေ့စပ်စပ် စဉ်းစားနေစဉ် သူက ရုပ်တရက် ကျနော်ကို ၀င်ဖက်၍ ရှုံးပွဲချ ငိုနေပါတော့တယ်၊ ဒီတော့မှ ကျနော်တို့ သတိထားမိတာက သူဟာ အာယုပဲဖြစ်ကြောင်း သိတော့တယ်၊ ဒါနဲ့ အကျိုးအကြောင်းကို စတင်မေးမိပါတော့တယ်၊ အာယုရှင်းပြခဲ့သည်မှာ၊ စာမေးပွဲကို လုံးဝမဖြေနိုင်ကြောင်း သူရဲ့  အမှားတွေကို နောင်တရမိကြောင်း သို့သော် ဘယ်နည်းနှင့်မှ မိဘများကို သူရင်မဆိုင်နိုင်တော့ကြောင်း၊ ဒါကြောင့် စိတ်အတော်ကြီးညစ်ကာ ညစ်တွန်းတွန်းခဲ့ကြောင်း၊ စိတ်တွေလည်းညစ် အရက်တွေလဲမူးပြီး သူ့မျက်နှာရှိ မျက်ခုံးမွေးများကိုရိတ် ခေါင်းကို တုံးကာ ဘောက်ထော်ရှိ စစ်သားစုဆောင်းရေးသို့ သွားရောက်၍ စာရင်းပေးကာ တပ်ထဲဝင်တော့မည်ဟု ဆုံးဖြတ်ချက် ချခဲ့ကြောင်း၊ ကျနော်တို့ အားလုံးအား ရှင်းလင်းပြခဲ့ပါသည်။
မရှေးမနှောင်းပင် ကျနော်တို့ကို နောက်ရောင်ခံလိုက်လာခဲ့သော ပါပါကြီးနှင့်အဖွားဖြူက အာယု၏ တူမလေးဖြစ်သော ဖြူဖွေးလေးကိုချီကာ ကျနော်တို့ရှိရာသို့ ရောက်လာပါတော့တယ်၊ ဖြူဖွေးလေးကိုချီလာသော အဖွားဖြူက အာယုကို ရုတ်တရက်မြင်တော့ ရင်ထုမနာဖြစ်ပြီး ရှုံးပွဲချငိုပါတော့တယ် အာယုလည်း ကြံရာမရနှင့် ရှုံးပွဲချငိုကာ အဖွားဖြူလက်ထဲမှ ဖြူဖွေးလေးကို အတင်းပွေ့ချီလိုက်တော့ ဖြူဖွေးလေးက အာယုကိုမြင်ပြီး လန့်အော်ကာ ထိုနေရာမှာပင် သတိလစ်သွားခဲ့ပါတော့တယ်၊ ဖြူဖွေးလေး အော်လိုက်တာကတော့ …. ရဲကြီး…..ရဲကြီး….. ထို့နောက် ပါပါကြီးနှင့် ကျနော်တို့က ဖြူဖွေးလေးကိုချီပြီး နီးစပ်ရာ ဆေးခန်းသို့ ပို့နေစဉ်၊ အာယုတယောက် မည်သူမျှ မသိအောင် တိတ်တိတ်လေး ခိုးပြီး ဘောက်ထော်ရှိ စစ်သားစုဆောင်းရေးသို့ သွားရောက်ကာ စစ်တပ်ထဲသို့ ၀င်သွားခဲ့တော်သည်။
(အာယုဆီက ခွင့်မတောင်းပဲ ဤဇတ်လမ်းကို ရေးမိကြောင်း ဒီနေရာကနေ ၀န်ခံလိုက်ပါတယ်၊ အာယု ငါ့ကို ခွင့်လွှတ်နော်)
9 comments:
ဟဟားးးးးးးးးးးးးးးးး
အကြံကုန်တော့ အာယုဆားချက်လိုက်တာက
စစ်တပ်ထဲဝင်ချင်းပေါ့နော်
း) မြူး
အစအဆုံးဖတ်သွားပါတယ်ခင်ဗျာ
အကြောင်းကြောင်းကြောင့်စစ်ထဲဝင်လေသည်ပေါ့
ကျနော်တွေ့ဖူးတဲ့တစ်ယောက်ကတစ်မျိုးဗျ
အာယု က ကြိုမြင်တယ်။
လုပ်တတ်ကိုင်တတ်ရင် ကြီးပွားအုံးမယ် ...
ကံကောင်းရင်တော့..... ဟဲ ဟဲ
ကံဆိုးရင်တော့..... ဗြဲ ဗြဲ
ဘယ်သူပြောနိုင်မှာလဲ လေ...
အာယုက နဂိုစိတ်ရင်းနဲ့ မိုက်တာ မဟုတ်ပါဘူး...
အပေါင်းအသင်းကြောင့်ဖြစ်တာနေမှာပါ...
ဝိုင်းပြီး တည့်မတ်ပေးမယ့်သူမရှိခဲ့တော့ ဆင်ကန်းက တောထဲကို ကမူးရှုးတိုးနဲ့ ဆက်တိုးတော့သလိုပေါ့...
အခုတော့ အာယုတယောက် တပ်ထဲမှာ စီနီယာကောင်းနဲ့ တွေ့ပါစေလို့ပဲ ဆုတောင်းနိုင်တော့တယ်... အသုံးချခံ ဖြစ်မသွားဖို့လေ...
ဘယ်လိုပဲဖြစ်ဖြစ် ငိုစာ ရီစာ စားဖို့ ရည်ရွယ်ပီး
စစ်ဗိုလ်လုပ်တဲ့ကောင်ထက်သာတယ်
ပြည်သူ့လစာစား ပြည်သူ့ကိုဆော်ကား နေတဲ့ စစ် ငနွား
မဖြစ်ပါစေနဲ့လို့ဆုတောင်းလိုက်ပါတယ် ရဲဘော်အာယု ရယ်
ဟင်းးးလို့ဘဲ သက်ပြင်းချသွားပါတယ်.
အာယု ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဖတ်သွားတယ်နော် ကိုဇော် သူများတွေပြောသလိုပဲ ဟဟဟ ကောင်းရင်လဲ ကောင်းမှာပဲလေ မကောင်းတော့လဲ ဟဲဟဲ ပေါ့နော့်
အလာနောက်ကျတာခွင့်လွှတ်နော် ကိုဇော် မနက်က လုံးလုံးကိုမအားလို့ပါနော်
ကိုဇော် စိတ်မဆိုးဘူး ဟုတ် ညီမ ပို့စ်ကိုလေ ဟဟဟဟ
ဘိုင်
ကျွန်တော်တို့ ဆီက ခါးပိုက်ဆောင်တပ်ကြီးကတော့ 
အရွယ်မျိုးစုံ အလွှာမျိုးစုံကအကြောင်းမျိုးစုံနဲ့ ရောက်
လာကြတဲ့ သူတွေအားလုံးကိုမိုးတွင်းရောက်တိုင်း
အနိမ့် ဆုံးကန်သင်းရိုးမှာယင်းလိပ်တားပြီး ဒရောသောပါးထိုးဆင်းလာတဲ့ ငါးတွေကိုဆီးဖမ်းသိမ်းသွင်းပြီးသူတို့ လိုမှိုင်းတိုက်သိမ်းသွင်းတာတော့ တော်လွန်းသဗျာ။
ဒီလို ရာဇဝတ်ကောင်တွေ ကလေကချေတွေ စစ်ထဲဝင်မှတော့ ဒီစစ်တပ် ဒီလို ဖြစ်နေတာ မဆန်းပါ။ :D
Post a Comment