ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ
Showing posts with label ခွင့်စာ. Show all posts
Showing posts with label ခွင့်စာ. Show all posts

Thursday, November 5, 2009

ဝန်ခံခြင်းနှင့် ယဉ်ကျေးမှုလေး

စစ်အစိုးရလက်ထက်မှာ လူအထင်ကြီးအောင် အမြဲကြွေးကြော်နေခဲ့တဲ့ ကြွေးကြော်သံလေးတခုကို နားထဲမှာ ကြားရောင်ရင်း မြန်မာနိုင်ငံသားတွေရဲ့  အတုယူစရာကောင်းတဲ့ ယဉ်ကျေးမှုလေးတွေကို၊ ကျနော် စဉ်းစား နေမိခဲ့တယ်၊ တချိန် တည်း မှာပဲ အမိမြန်မာပြည်ကြီး စစ်အုပ်ချုပ်မှုအောက်ကလွတ်မြောက်ပြီး ဒီမိုကရေစီ ရသွားတာနဲ့ မြန်မာနိုင်ငံကို အပြီးအပိုင်ပြန်တော့မယ်ဆိုတဲ့ ရင်ထဲက တောင်းတခဲ့တဲ့ အတွေးလေးကိုလည်း ပြန်လည်သတိရနေမိတယ် ….

စစ်အစိုးရရဲ့  ကြွေးကြော်သံလေးတခုကတော့ လူအများသိရှိပြီးသားဖြစ်တဲ့ “မြန်မာ့အားကစား ကမ္ဘာကို လွှမ်း စေရမယ်” ဆိုတဲ့ ကြွေးကြော်သံလေးတခုပါပဲ။

ဒီကြွေးကြော်သံလေးကို ကြားကြားချင်းတော့ နားဝမှာ ပျားရည်လောင်းထဲ့လိုက်သလို ခံစားရမိခဲ့တယ်၊ တချိန်က ကမ္ဘာမှာ တကယ်တန်း ကမ္ဘာ့နိုင်ငံများနဲ့ ရင်ပေါင်တန်းခဲ့တဲ့ ဂုဏ်သိက္ခာကို တကယ်ပဲ ပြန်ဆယ်တော့ မယ်လို့လည်း ခံစားမိခဲ့တယ်၊ ဒါပေမယ့် အသေအချာ စဉ်းစားမိလာတဲ့အခါကြတော့ ဒေါသတောင် အတော် ထွက်လာခဲ့တယ်၊ တိုင်းပြည်တခုရဲ့  အဓိကဒေါက်တိုင်တခုဖြစ်တဲ့ ပညာရေးကျတော့ တိုးတက်အောင်လုပ်ဖို့ မစဉ်းစားပဲ ကျောင်းသားကျောင်းသူတွေကို ပညာမတတ်အောင်ပဲ နည်းလမ်းအမျိုးမျိုးတွေဆင်ပြီး ချောက်ထဲ တွန်းပို့နေတယ်၊ သူတို့စစ်တပ်ကြီး တိုးတက်ကြီးပွားနိုင်ဖို့ ငွေအရင်းအနှီးများများရအောင်၊ ဒီ အားကစား လောကထဲမှာ ရှာဖွေဖို့ ကြိုးစားနေခဲ့တယ်၊ ဒီတော့ လူထုကို တဖက်တလမ်းကစည်းရုံးရန် အားကစားကို တိုးတက်စေဟန်ဆောင်ပြီး ငွေရှာတဲ့နည်းလမ်းမှာ ဒီကြွေးကြော်သံလေးက အသုံးချခံလိုက်ရတယ်။

“မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမယ်” ဆိုတဲ့ ဆောင်ပုဒ်ကတော့ ဒီအစိုးရလက်ထက် ဘယ်နည်းနဲ့မှ ဖြစ်မလာနိုင်တာ အသေအချာပါ၊ ဒါနဲ့ ပြောချင်တဲ့ စကားလမ်းကြောင်းတောင် ဘယ်ရောက်သွားမှန်း မသိ တော့ဘူး … အော် မြန်မာတွေရဲ့  ယဉ်းကျေးမှုလေးတွေ … မြန်မာနိုင်ငံသားတွေရဲ့  ယဉ်ကျေးတဲ့ အပြုအမူ လေးတွေထဲမှာ၊ စဉ်းစားမိတာလေး တခုကို တင်ပြရင်း …. အမှားတခုလို့ ကိုယ့်ကိုယ်ကို သံသယ၀င်နေတဲ့ အပြု အမှုလေးတခုကို တင်ပြချင်လို့ပါ။

မြန်မာနိုင်ငံသားတွေရဲ့  အိမ်လည်တတ်တဲ့ အကျင့်လေးပါ … ရပ်ကွက်တခုအတွင်းမှာ အတူနေထိုင်နေကြတဲ့ ရပ်ကွက်သူရပ်ကွက်သားများဟာ တအိမ်နဲ့တအိမ် လျှောက်လည်တဲ့ ယဉ်ကျေးမှုလေးတွေရှိကြတယ်၊ တအိမ် တက်ဆင်း သတင်းမေးတတ်ကြတယ်၊ တအိမ်ဝင်တအိမ်ထွက် ရေနွေးကြမ်းလေးသောက် ကွမ်းယာကလေးစား ရင်း သတင်းစကားများပြောကြကာ ရင်းနှီးမှုတွေကို တည်ဆောက်ကြတယ်၊ ဒီလို အလေ့အကျင့်လေးတွေဟာ မြန်မာနိုင်ငံမှာ ဘယ်အချိန်ကပင် စတင်ပေါက်ဖွားလာတယ်ဆိုတာ ကျနော်အနေနဲ့ အတိအကျမသိပေမယ့် ရှေးမြန်မာဘုရင်များလက်ထက်ကပင် စတင် ဖြစ်ပေါ်လာတယ်လို့တော့ ခန့်မှန်းလို့ရမှာပါ။

ဧည့်သည်ရောက်လာရင် သုံးဆောင်ဖို့ လ္ဘက်ရည်ကြမ်း၊ ကွမ်းနှင့်လ္ဘက်သုတ်ကအစ အိမ်ရှင်များကလည်း အဆင့်သင့် တည့်ခင်းဧည့်ခံလေ့ရှိကြတယ် (နေရဒေသအလိုက် ကွဲပြားမှုတွေလည်း ရှိနေပါတယ်)၊ ဒီယဉ်ကျေးမှုလေးဟာ Unity လို့ ခေါ်တဲ့ စည်းလုံးညီညွတ်မှုကို ဖြစ်ပေါ်စေတယ်လို့ ကျနော်ယူဆမိပါတယ်၊ လက်ရှိ နိုင်ငံခြားရောက်မြန်မာများပင် ဒီအကျင့်အမူတွေကို ကျင့်သုံးနေတတ်လို့ ကျနော်တို့ လက်ရှိနေထိုင် နေတဲ့ ပတ်ဝန်းကျင်မှာ Native တွေနဲ့ သဟဇာတ မရှိတာကိုလည်း တွေ့မြင်နေရပါတယ်၊ သူတို့တွေ ဘယ်လိုပဲမြင်မြင် မိမိတို့ လုပ်ရပ်ဟာ မိမိတို့ရဲ့  ကိုယ်ပိုင်ယဉ်ကျေးမှုလေးသာ ဖြစ်ပြီး စည်းလုံးမှုကိုဖြစ်ပေါ်စေတဲ့ ယဉ်ကျေးမှုလေးတခုဖြစ်နေတာမို့ ဘယ်သူ့ကိုမှ အနှောင့်အယှက် မဖြစ်စေအောင် ဆက်လက် ကျင့်သုံးနေကြ ပါတယ်။

ဒီလိုအကျင့်အမူလေးတွေကို လက်ရှိ ဘလောဂ့်လောကမှာလည်း အမြဲမပြတ်တွေ့နေရလို့ ရင်ထဲမှာ ကြည်နူးမိနေတာ အမှန်ပါ၊ ကျနော်လက်ရှိ ကျင်လည်နေတဲ့ ဘလောဂ့်လောကမှာလည်း ဘလောဂ့်ဂါတွေ အချင်းချင်း၊ တအိမ်တက်ဆင်း လျှောက်လည်ကာ ရေနွေးကြမ်းလေးသောက်လိုက်၊ လ္ဘက်သုတ်လေးစားလိုက်၊ ကွမ်းယာလေးဝါးလိုက် လုပ်သလို၊ တဦးရေးထားတဲ့ ပိုစ့်လေးတွေကို အရသာခံကာ လိုက်ဖတ်၊ ကြည့် မှတ် နေတာတွေဟာ အလွန်တရာမှ ရပ်ကွက်တခုအတွင်းရှိ ရပ်ကွက်သူရပ်ကွက်သားများရဲ့  ယဉ်ကျေးမှုနဲ့၊ ထပ်တူ ထပ်မျှ ဆင်တူနေတာကို တွေ့မြင်နေရပါတယ်၊ တချို့ ဆို သူတို့ ဘလောဂ့်ကိုလာလည်ရင်း တိုက်ရိုက် chat နိုင်အောင်ပင် ဖန်တီးထားတတ်ကြတယ်၊ ဒီလိုမျိုး အကျင့်စရိုက်တွေဟာ မြန်မာနိုင်ငံသားများမှာ ရှိတတ်ကြတဲ့ လေးစားဖွယ်ရာ ယဉ်ကျေးမှုလေးတခုပါ။

ဒီနေရာမှာ ထူးခြားတာလေးတွေက အခြေအနေတခုခုကြောင့် မအားလပ်လို့ဘဲဖြစ်စေ၊ ခရီးထွက်နေလို့ဖြစ်စေ၊ မိမိတို့ ဘလောဂ့်မှာ ပိုစ့်လေးတွေမရေးနိုင်ရင်၊ တခြားဘလောဂ့်များကို လိုက်မလည်နိုင်ရင်၊ မိမိဘလောဂ့်မှာ ခွင့်တိုင်လေ့ ရှိကြတာကိုတွေ့ရမှာပါ၊ မိမိစီလာလည်နေကျ အပေါင်းအသင်းများကို အသိပေးခြင်း၊ အပြန်အလှန်လေးစားခြင်းလို့လည်း ယူဆနိုင်ပါတယ်၊ ဒီအကြောင်းအရာကို ကြည့်ချင်းအားဖြင့် တယောက်ကို တယောက်၊ တနယ်စီခြားနေပေမယ့်လည်း အပြန်အလှန်ထားတတ်ကြတဲ့ လေးစားမှုတွေရှိနေတာကို တွေ့လိုက်ရပါတယ်၊ မေတ္တာပေးရင် မေတ္တာပြန်ရတယ် ဆိုတဲ့ စကားဟာလည်း ဒီနေရာမှာလာပြီး လက်တွေ့ ကျနေတာကို မြင်လိုက်ရပါတယ်၊ မြန်မာနိုငံသားအချင်း စည်းလုံး ညီညွတ်မှုတွေ နေ့စဉ်နဲ့အမျှ လိုအပ်နေချိန်မှာ ယခုလို ဘလောဂ့်လောကမှာ ရင်းနှီးချစ်ကြည်မှုတွေရှိနေတာကို ကျနော် အရမ်းအားကျနေမိပါတယ် …..
အခုလို ကျနော် အကြောင်းတခုခုကြောင့် ပိုစ့်လဲ အသစ်မတင်ဖြစ် …. ဘလောဂ့်များလည်း လိုက်မလည် ဖြစ် တာကို …. ကျနော့်အား ခင်မင်မိနေသော အပေါင်းအသင်းများအား … တောင်းပန်ရင်း ဒီပိုစ့်လေးကို အဆုံး သတ်လိုက်မိပါတယ် …..

ဘလောဂ့်ဂါမောင်နှမများအချင်းချင်း .. စထက်တပိုး ပိုမိုချစ်ခင်ကြ၍ … အမိမြန်မာနိုင်ငံတော်ကြီးအတွက် ကျရာနေရာကနေ ကောင်းကျိုးများ သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းရင်း …. မြန်မာ့ယဉ်ကျေးမှုလေးတခုကို သယ်ပိုးလိုက်ရပါတယ် ….
(မှတ်ချက် - ကျနော် .. အလုပ်ရှုပ်ကာ ဘလောဂ့် မလည်နိုင်ချင်းအပေါ် အသိပေးရုံသက်သက်ပါ)
ကိုဇော်