ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ
Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Friday, July 16, 2010

မြန်မာကွ

ဘူတန် က သူငယ်ချင်း တယောက် အတွက် ကားလိုက်ဝယ်ပေးဖို့ မနေ့က ကားအရောင်းဆိုင် တွေကို လျှောက်ကြည့် ခဲ့တယ်၊ တဆိုင်ဝင် တဆိုင်ထွက်နဲ့ ညနေ ၅ နာရီလောက်မှာ ကားအရောင်းဆိုင် တခုကို ရောက်ခဲ့တယ်၊ အမေရိကားရဲ့ အပူချိန်ကလဲ ဘယ်လောက်ပဲ အဲယားကွန်းတွေ ဖွင့်ဖွင့် ကားထဲကနေ အပြင်ကို ခဏလေး ထွက်လိုက်တာနဲ့ မိနစ်ပိုင်းအတွင်း မခံနိုင်လောက်အောင် ပူအိုက်လာခဲ့တယ်၊ တကယ်တော့ ဒီအပူချိန် လောက်ဟာ မြန်မာပြည်နဲ့ အာရှမှာဆို စာမဖွဲ့လောက် ပါဘူး၊ အမေရိကားရဲ့ အအေး ရာသီကို ရင်ပါးလာတာနဲ့ အမျှ လူပါးတွေကလည်း ၀ ၀ လာတယ်၊ ကိုယ့်ကိုကိုယ်လည်း သတိထားမိပါတယ်လေ မြန်မာပြည်မှာဆို လက်ရှိအစိုးရ အုပ်ချုပ်နေမှူမျိုးနဲ့ ကိုယ်တွေ ဘ၀ ဆယ်သက်သာ လည်သွား လိမ့်မယ် အခုလို အဲယားကွန်း မပြောနဲ့ ၀ဲယားကွန်းတောင် အနားကပ်လို့ ရမှာ မဟုတ်၊ ဒါပေမယ့် အဲ့ဒါတွေက ပြည်သူတွေ မိုလို့ပါ၊ သူတို့ အမျိုးတွေဆို နိဗ္ဗာန်မှာ နေရတာ ထက်တောင် သာနေသေးတယ်၊ ပြည်သူတွေရဲ့ ချွေးတွေ သွေးတွေနဲ့ လယ်ကွင်းထဲမှာတောင် နန်းတော်ကြီးတွေက ဟီးနေလို့၊ သူတို့ အကြောင်းတွေချည်း ပြောနေလို့ လိုရင်းကိုတောင် မရောက်တော့ဘူး တော်ပီ နောက်များ ကြုံမှပဲ ဆက်ပြောတော့မယ်။

အဲ့ဒီ ကားဆိုင်းလေးမှာ သူငယ်ချင်း အကြိုက် ကားလေး တစီး တွေ့ခဲ့တယ်၊ Mazda Protege 2001 လေးပါ mileage က 75000 ကျော်လေးပဲ ဈေးနှုံးကလည်း $3700 ကားတစီးလုံးရဲ့ ဘော်ဒီကလည်း အရမ်း လတ် နေသေးတယ်၊ သူငယ်ချင်း နှစ်ယောက်သား မတတ် တတတ်နဲ့ အတွင်းအပြင် အကုန်းလုံး လျှောက်ကြည့် နေတော့တယ်၊ မသိရင်တော့ ကားအကြောင်း အရမ်း နားလည်တဲ့ မြန်မာပြည်က ကားပွဲစားတွေပေါ့၊ ဒါပေမယ့် ကိုယ်တွေကို ဘယ်သူတွေလဲ ဘယ်ကလဲ ဆိုတာတော့ ကားဆိုင်မှာ ရှိတဲ့ လူတွေ တယောက်မှ မသိသေးပါဘူး၊ မသိသေးဆိုလဲ ကိုယ်တွေက ဘယ်သူ့ကိုမှ မမေးသေး မမြန်းသေးဘဲ ခပ်တည်တည်နဲ့ လိုက်သာ ကြည့်နေ ခဲ့တာလေ။

ခဏကြာလာတော့ ကိုယ်လည်း မျက်နှာ အလိုလို ပူလာတယ် သူငယ်ချင်းကို မေးကြည့်တော့ သူက အဲ့ဒီကားလေးကို သဘောကျတယ်တဲ့ ဒါနဲ့ ဆိုင်ထဲကို သွားမေးကြည့် ကြမယ်လို့ နှစ်ယောက်သား တိုင်ပင်ကာ ဆိုင်ထဲ ၀င်ခဲ့ကြတယ်၊ ဆိုင်ရဲ့ အရောင်း ကောင်တာမှာ ဆိုင်ရှင်လို့ ထင်ရတဲ့ လူတယောက်နဲ့ တခြား လူနှစ်ယောက်ကို တွေ့ခဲ့တယ်၊ ကိုယ်တွေကို တွေ့တွေ့ချင်းပဲ Asian တွေ ဆိုတာ အလိုအလျှောက် သိနေတယ်နဲ့ တူတယ်၊ လူငယ်တယောက်က လှမ်းမေးလိုက်တယ်၊ မင်းတို့ကို ကြည့်ရတာ လူရိုးလေးတွေ လိုပဲတဲ့ ဘယ်နိုင်ငံကလဲပေါ့။

သူငယ်ချင်းက သူဟာ ဘူတန်နိုင်ငံက ဖြစ်ကြောင်း ပြောတော့ လူငယ် တယောက်က ဘူတန်ကို မသိသေး၊ ဒီတော့ ကျန်လူကြီး နှစ်ယောက်က သူကို ကိုယ်တွေ အစား ရှင်းပြလိုက်တယ် အန္ဒိယနဲ့ တရုတ်ပြည် ကြားက နိုင်ငံလေ ဆိုတော့ သူငယ်လည်း လျှင်မြန်စွာနဲ့ သဘော ပေါက်သွားခဲ့တယ်၊ ဩော် …. သိပြီ … သိပြီ တဲ့လေ … အတော် သဘော ပေါက်လွယ် တဲ့ လူငယ်လေးပါ …

ကိုယ့်အလှည့် ရောက်လာပြီလေ ..... ကိုယ်လဲ ဘယ်ရမလဲ အားတင်း ထားတာပေါ့ ငါ့နိုင်ငံကတော့ ကမ္ဘာမှာ နာမည်ကြီးလေ မကြာသေးခင်ကပဲ … ရွှေဝါရောင် ကိုယ်တော်တွေ မ စ လို့ မြန်မာကို ကမ္ဘာက သိခဲ့ပြီးပြီ ထို့အတူ အမေရိကန် ကဆို တတိုင်းပြည်လုံး သိကြလို့ ခဏ ခဏ တောင် လူတွေ့တိုင်း မေးနေကြတယ်၊ BurmaVJ က အော်စကာ ရမယ် ထင်လား? ဘယ်လို ထင်ပါသလဲ? ကိုယ်တွေလည်း အမြဲတမ်း ၀င့်ကြွား ခဲ့တာပေါ့ ……. နောက်ထပ် နာမည်ကြီးနေတာ တခုက ကမ္ဘာ့ နာမည်အဆိုးဆုံး အရက်စက်ဆုံး အရမ်းကားဆုံး လူမိုက်ကြီး ငသန်းရွှေကြောင့်လေ၊ သူရခဲ့တဲ့ ဆုက မြန်မာကို ကမ္ဘာက ပိုမိုသိလာတာလဲ တခုအပါ အ၀င်ပါပဲ … သူ့ကိုယ်တောင် ပြန်ပြီး ကျေးဇူးတင်ရ မလိုတောင် ဖြစ်နေပီ ……

ဒီလိုနဲ့ ကိုယ်က မြန်မာပြည်က လာကြောင်း ပြောနေတာပေါ့ … အခုနက လူငယ်ပဲလေ .. လူငယ်ပီပီ ဗဟုသုတ ရချင်တယ် ထင်ပါဘိ … Burma ဆိုတာ ဘယ်မှာလဲ Burma ဆိုတာ ဘာလဲ Burmese ဆိုတာ ဘယ်သူ တွေလဲ? … ထုံးစံအတိုင်း အခုနက လူကြီး နှစ်ယောက်ကပဲ ကိုယ့်အတွက် ရှေ့နေ လုပ်ပေးလိုက် တယ် .. ဗမာပြည်က ထိုင်းနဲ့ အန္ဒိယ နားက နိုင်ငံပေါ့ .. ဒါပေမယ့် ဒီတခါတော့ ကိုယ်ကပဲ ကံဆိုးလို့လား? ဒီခလေးပဲ အသုံး မကျတလား မသိပါ .. ဗမာပြည်ကို သူ့ခေါင်းနဲ့ မျက်စိထဲမှာ ဘယ်လိုမှ ပုံရိပ် မထင်တော့ပါ ….

နဂိုက တင်းထားတဲ့ အားတွေ အကုန်လုံး သဲထဲ ရေသွန် ဖြစ်ခဲ့ပြီ၊ ဘူတန်က သူငယ်ချင်း ကိုလည်း အရမ်း မျက်နှာ ပူလာပြီလေ၊ အရင်ရောက်နှင့် နေတဲ့ လူအဖြစ် ကိုကချည်း အမြဲတမ်း ကြွားဝါခဲ့တာ၊ မြန်မာ့ အရေးတွေကို အမေရိကန်တွေ သိအောင် ဘယ်လို ကြိုးစား နေသလဲ? ဘာတွေ ဆက်လုပ်မယ်ပေါ့ …. အခု ဒီခလေး လုပ်လိုက်လို့ ကျနော့် မရှိတဲ့ အရှက်တွေ ဗွမ်းဗွမ်း ကွဲကုန်ပြီ …. နဂိုက နေပူထဲမှာ ကားလိုက်ကြည့် နေရတာက တကြောင်း၊ ကိုယ့်နိုင်ငံကို မသိသေးတဲ့ ခလေးလေးကြောင့် တကြောင်း၊ စိတ်ထဲမှာ ဒေါသတွေ အလိုလို ထွက်လာခဲ့တယ်၊ ဒီလိုပဲ မှင်သေသေနဲ့ အကြံထုတ်ရန် ဆေးလိပ်တလိပ်ကို မီးညှိရင်း ကောက်ဖွာမိလိုက်တယ် …. ဆေးလိပ်ကလည်း တယ်အကျိုးပေး သကိုး ရုပ်တရက် ဆိုသလိုပဲ ခေါင်းထဲက အကြံတွေ ထွက်လာတယ် … ဘူတန်က သူငယ်ချင်း ကလဲ စကားကောင်း နေတာ မသိရင် အခုမှ အမျိုးတွေ ပြန်စုံနေကြသလိုပဲ …. မထူးတော့ပါဘူး .. ရိုင်းတယ်လို့ ထင်ချင်လည်း ထင်ပါစေတော့ သူတို့ စကားဝိုင်းကို By the way နဲ့ ၀င်နှောင့်ယှက် လိုက်တယ် ….

ကျနော်က သူတို့ အားလုံးကို မေးလိုက်တယ် …. “မနေ့ညက Eagle လမ်းနဲ့ Kossuth Ave ထောင့်မှာ Asian Gang အုပ်စုနဲ့ LES Gang တွေ ရန်ဖြစ်ကြရင်း ခလေး ၆ ယောက်ကို ရဲက ဖမ်းမိသွားတယ်လေ .. ခင်ဗျားတို့ အဲ့ဒါကို သိကြရဲ့လား? သူတို့ သုံးယောက်လုံးက အားရပါးရ တပြိုင်တည်း ၀ိုင်းဖြေခဲ့ကြတယ် သိတယ် … သိတယ် … ဒီခလေးတွေက Proctor High School ကလေ …. Proctor High School ဆိုတက ကျနော်တို့ နေတဲ့ မြို့က လူဆိုး စာရင်းဝင် အထက်တန်းကျောင်း လေးပါ မြန်မာနိုင်ငံက ရောက်လာတဲ့ ခလေးတွေလည်း ဒီကျောင်းမှာပဲ အဓိက တက်ရောက် နေကြတာလေ၊ ဒါနဲ့ သူတို့ သုံးယောက် အဖမ်းခံ ထိခဲ့တဲ့ ခလေးတွေကို ဘယ်လောက် သတ်ပစ်ချင် နေကြသလဲတော့ မသိပါ၊ သူတို့ရဲ့ မျက်လုံးထဲမှာ ကျနော်ပြော လိုက်တာကို ကြားကြားခြင်းပဲ ဒေါသအရိပ် အရောင်တွေနဲ့ အမေရိကန် Gang က 16 နှစ်အောက် မိန်းခလေး တယောက်ကို ၀ိုင်းရိုက်လို့ အခု ဆေးရုံ တင်ထားရကြောင်း Asian Gang က ခလေးတွေကို Juvenile အချုပ်မှာ ပို့ထားကြောင်း သူတို့ကပဲ တရစပ် ပြောပြနေခဲ့တယ် … တဆက်တည်းမှာပဲ ခလေးလေးက စကားဝိုင်းကို ဖျက်လိုက်တာက ….. ‘ဒါနဲ့ နေပါဦး.... ဒီခလေးတွေနဲ့ မင်းလာတဲ့ နိုင်ငံနဲ့ ..... ဒီ Gang နဲ့က ဘာဆိုင်လို့ လို့လဲ? လို့’ ကျနော့်ကို ပြန်မေးခဲ့တယ်၊ ကျနော်က - ဒီတခါတော့ စကားကို ဟိုလှည့် ဒီလှည့် ပြောလို့ မရ တော့ဘူး …..မိမိဂုဏ်ယူဝင့်ကြွားခဲ့တဲ့ အခုနက မေးမိတဲ့ မေးခွန်းကို ပြန်လည် ဖြေကြားဖို့ အချိန် ရောက်လာ ပြီလေ။

ကျနော်က ‘မင်း - သူတို့ကို သိတယ် မဟုတ်လား?’ ခလေးက ‘ဟုတ်ကဲ့ သိပါတယ် သူတို့က ကရင်ကလေး တွေလေ’ …. ကျနော်က ‘ဟုတ်ပါတယ် …. ငါလဲ သူတို့နဲ့ အတူတူပါပဲ.... ငါတို့က ဗမာပြည်က ရောက်လာတဲ့ ဒုက္ခသည်တွေလေ’ ….. ‘ငါတို့ အားလုံးက မြန်မာနိုင်ငံသားတွေကွ’ ကျနော့် စကားပြီးပြီးချင်း မှာပဲ ကား အရောင်းဆိုင်က ဆိုင်ရှင်နဲ့ အတူ သူတို့ သုံးယောက်သား ငြိမ်ချက်သား ကောင်းသွား ကြတယ် ….. ကျနော် ဘယ်နိုင်ငံက လာသလဲ၊ ဘာလူမျိုး ဆိုတာလဲ သူတို့ အားလုံး သိသွားကြတယ် …….

မြန်မာကို ကမ္ဘာက သိအောင် မြန်မာနိုင်ငံသားများ အားလုံး ၀ိုင်းဝန်း ကြိုးပမ်း နေကြပုံကို ဇတ်လမ်းလေး တပုတ်ဖြစ်အောင် ရေးလိုက်ရင်း …..

မနေ့ တနေ့က ကျနော်တို့ မြို့မှာ ခိုက်ရန် ဖြစ်ပွါးရင်း Asian Gang အဖွဲ့မှ မြန်မာနိုင်ငံသား ခလေးများ အဖမ်းခံ ခဲ့ရပါတယ် … ဒါကို ဇတ်လမ်းလေး ရအောင် ရေးမိတာပါ အသေးစိတ်ကို အောက်ပါ လင့်ခ်တွင် သွားရောက် ဖတ်ရှူ့နိုင်ပါတယ် ……

http://www.uticaod.com/photos/x1143360552/Arrests-made-after-gang-violence-in-East-Utica?photo=4

အားလုံးကို ခင်တဲ့

ကိုဇော် ….

Sunday, January 17, 2010

I Have a Dream

မနက်ဖြန် January 15 ရက်နေ့ဟာ မာတင်လူသာကင်း နေ့ပါ၊ ဒီနေ့ကို အမေရိကား ရောက်လာ ပြီးမှသာ ပထမဦးဆုံး ခံစားရဖူးတာပါ၊ ဒီနေ့ကို ရောက်လာတော့၊ ဒီမှာရှိနေကြတဲ့ သူငယ်ချင်းတချို့က ပြောကြတယ်၊ ဒီနေ့ဟာ အမေရီကားက လူမည်းတွေ လွပ်လပ်ရေး ရလာတဲ့နေ့တဲ့၊ တကယ်ဆိုတော့ မဟုတ်ပါဘူး၊ ဒီနေ့ဟာ အမေရီကားရှိ ပြည်သူများ အားလုံးနှင့် ကမ္ဘာပေါ်မှာ ရှိကြတဲ့ နိုင်ငံအားလုံးမှာ မှီတင်း နေထိုင်နေကြတဲ့ ပြည်သူပြည်သားများ အားလုံးကို၊ နိုင်ငံသား အခွင့်အရေးနဲ့ တန်းတူရည်တူအရေးတွေ၊ အသိပေးခဲ့တဲ့ နေ့တနေ့ ပါ၊ ဒီနေ့ကို ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၀၀ ကျော်ကလဲ နှစ်စဉ်လိုလို ကျင်းပလေ့ရှိကြပါတယ်၊ အုပ်ချုပ်မှု စနစ်နှင့် အုပ်ချုပ်သူများ ပေါ်မူတည်ပြီး တချို့နိုင်ငံတွေ ကတော့ဖြင့် မကျင်းပကြပါဘူး၊ ဒေါက်တာ မာတင်လူသာကင်း ဟာ ကမ္ဘာကျော် Civil Right Movement ခေါင်းဆောင်တစ်ဦး ဆိုတာ သမိုင်းမှာ သက်သေတွေ ရှိနေပါတယ်။
သူရဲ့ ကမ္ဘာကျော် မိန့်ခွန်း တခုဖြစ်တဲ့ " I Have a Dream" ဆိုတဲ့ မိန့်ခွန်းလေးကို အမှတ်တရ အဖြစ် အောက်မှာ တင်ပေးလိုက်ပါတယ် ....

Wednesday, December 9, 2009

Write for Rights

၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ညီလာခံ အစည်းအဝေးကြီးက လူ့အခွင့်အရေးကြေညာစာတမ်းကြီးကို အတည်ပြုကြေညာခဲ့ပါတယ်။ ဒီနှစ်ဆိုရင် ၆၁ နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပါပြီ၊ ဒါပေမယ့်လည်း ကမ္ဘာပေါ်ရှိ နိုင်ငံအတော်များများက ထိုပဋိဥာဉ်ကို ၀ိုင်းဝန်း လက်မှတ် ထိုးခဲ့ကြပြီး ပြောင်ပြောင်တင်းတင်းပင် လူ့အခွင့်အရေးများအား ဆက်လက်ချိုးဖေါက်နေကြတာကို ၀မ်းနည်း စွာပင် တွေ့မြင်နေရပါတယ်၊ ဒီလို လူ့အခွင့်အရေးများကို ချိုးဖေါက်နေသူများကတော့ အများစုမှာ အုပ်ချုပ်သူ လူတန်းစားများ၊ အာဏာပိုင်များနှင့် အအုပ်ချုပ်ခံ အရပ်သူ/အရပ်သား တချို့တို့ ဖြစ်နေပါတယ်။

သို့သော်လည်း လူ့အခွင့်အရေးများကို လေးစားလိုက်နာကာ၊ အကာအကွယ်ပေး ထိန်းသိမ်းနေကြသော နိုင်ငံတချို့ကိုလည်း တွေ့မြင်ကြရမှာပါ၊ ထို လူ့အခွင့်အရေးများကို အချိုးဖောက်ခံနေရသော ကမ္ဘာပေါ်ရှိ လူသားများကို ကျောသား ရင်သားမခွဲခြားပဲ ညီရင်းအကို သွေးချင်းများသဖွယ် ချစ်ခင်လျှက် တစိုက်မတ်မတ် အကာအကွယ်ပေးနေသော ကမ္ဘာကျော်အဖွဲ့အစည်းကြီးများလည်း ဒုနဲ့ဒေးပါပဲ၊ ထိုထဲမှ နာမည်ကျော် လူသိများသော အဖွဲ့အစည်းတခုကတော့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (ခေါ်) Amnesty International ပဲ ဖြစ်ပါတယ်။

ဒီအဖွဲ့အစည်းကြီးက ကမ္ဘာပေါ်ရှိ လူ့အခွင့်အရေးအချိုးဖေါက်ခံလူသားများအား မိမိတို့နှင့် သွေးမတော် သားမစပ်ပဲ လူသားချင်းစာနာမှုများထားကာ အကာအကွယ်ပေးလျှက်ရှိနေပါတယ်၊ ကမ္ဘာပေါ်ရှိလူသားများဟာ အသိပညာများ တိုးတက်လာတာနဲ့အမျှ ယဉ်ကျေးသိမ်မွေ့လာကြပြီး၊ လူသားမှန်လျှင် မိမိနှင့် မျိုးမတူသူ အုပ်စုများဟု မခွဲခြားတော့ပဲ တသွေးတည်းတသားတည်းဟု အသိအမှတ်ပြုကာ၊ ကမ္ဘာ့အရှေ့ခြမ်းက မြန်မာနိုင်ငံသားများ လူ့အခွင့်အရေးချိုးဖေါက်ခံနေရမှုကို ကမ္ဘာ့အနောက်ခြမ်းက အမေရိကန်များ၊ ယူရိုပီယန် များက မတရားမှုဟုသတ်မှတ်ပြီး၊ ကမ္ဘာသိအောင် အော်ဟစ်တောင်းဆိုနေကြပါပြီ။

အထက်ကပြောခဲ့သော အသိပညာ ဆိုသည်မှာ အတန်းပညာများ၊ အသက်မွေး ပညာများကို ကျောင်း/တက္ကသိုလ်တက်ရောက်သင်ကြားခဲ့ကာ ဘွဲ့ရပြီးစီးလာခြင်းကို ဆိုလိုခြင်းမဟုတ်ပါ၊ အမှားအမှန်ကို ဝေဖန် ပိုင်းခြားနိုင်၍၊ တရားခြင်း မတရားခြင်းကိုလည်း သိမြင်တတ်ခြင်းတို့ကို ဆိုလိုခြင်းပါ၊ မြန်မာနိုင်ငံမှာလည်း အသိပညာရှင်တွေ ဒုနဲ့ဒေးပါပဲ ဒါပေမယ့် အမှန်တရားကိုယနေ့အချိန်ထိ မမြင်နိုင်ပဲ မျက်လုံးမှိတ်နေကြကာ မတရားမှုများဘက်တွင် အသက်ရှင်ရပ်တည်လျှက် ရှိနေကြပါတယ်။
.....
ပြောနေရင်းနဲ့ လိုရင်းတောင် မရောက်တော့ဘူး၊ Amnesty International အဖွဲ့ကြီးက ဒီနှစ် လူ့အခွင့်အရေး ကြေငြာစာတမ်း နှစ်ပတ်လည်မှာ Global Write-a-thon! လို့ခေါ်တဲ့ Action တခု လုပ်နေပါတယ်၊ ဒီဇင်ဘာ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့အထိပါ၊ အသေးစိတ်ကို ဒီလင့်ခ် ကနေသွားကြည့်နိုင်ပါတယ် (ဒါကတော့ US အတွက်လင့်ခ်ပါ)၊ ၀မ်းသာစရာက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နံပါတ် ၁ မှာ သတ်မှတ်ထားခြင်းပါ။

ဒီလိုနဲ့ ဒီဇင်ဘာ (၈)ရက်နေ့မှာ ကျနော်တို့ နယူးယောက် Upstate တ၀ိုက်မှာ တက်ကြွစွာ လူအခွင့်အရေး လှုပ်ရှားနေသူ (AI-USA) အဖွဲ့ဝင် (Patt) တို့ ဇနီးမောင်နှံနဲ့ အတူ ကျနော်တို့မြို့က ရွှေဝါရောင် ကိုယ်တော် နှစ်ပါးနှင့် New York ပြည်နယ် Herkimer မြို့  လေးရှိ Herkimer County Community College သို့ ချီတက်သွားကြကာ လက်မှတ်ရေးထိုးပွဲလေးကျင်းပခဲ့ကြပါတယ်၊ ကျောင်းသား ၂၀၀ ကျော် လာရောက် လက်မှတ်ထိုးပေးခဲ့ကြပါတယ်၊ ကျနော်နှင့်အတူ ရွှေဝါရောင်ကိုယ်တော်များကလည်း လက်မှတ်ဝိုင်းထိုး ပေးနေကြသော ကျောင်းသူ/ကျောင်းသားများကို မြန်မာနိုင်ငံရဲ့  လူ့အခွင့်အရေးအချိုးဖေါက်ခံရခြင်း အခြေအနေများကို ရှင်းလင်းပြောဆိုခဲ့ကြပါတယ်၊ AI အဖွဲ့မှ - ရောက်ရှိလာသော ကျောင်းသူ/ကျောင်းသား များကို နွားနို့နှင့် ကွတ်ကီးများကြွေးကာ ဧည့်ခံခဲ့ကြပါတယ်၊ လက်မှတ်ထိုးပွဲကို နံနက် ၁၁ နာရီမှ နေ့လည် ၂ နာရီအထိ ကျင်းပခဲ့ကြပါတယ်၊ ဒီနှစ် AI အဖွဲ့ရဲ့  Global Write-a-thon နဲ့ ပတ်သက်ပြီး နှစ်သက်မိတဲ့ စာသာလေးက Write for Rights တဲ့၊ ဒါကြောင့် ဒီစာသားလေးကို နှစ်သက်မိရင်း ဒီပိုစ့်လေးရဲ့ ခေါင်းစဉ်အဖြစ် ကူးချ ခဲ့ပါတယ်၊ မြန်မာနိုင်ငံသားများ လူ့အခွင့်အရေးအပြည့်အ၀ရှိသော နိုင်ငံသစ်ကြီးဆီသို့ အမြန်ဆုံး လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းရင်း ….. အမှတ်တရ ဓါတ်ပုံတချို့ကို အောက်တွင် ဖေါ်ပြလိုက်ပါတယ်။
....
AI ဆိုင်းဘုတ်နှင့် HR ကြေငြာချက်များ

AI အဖွဲ့ဝင် ကျောင်းသားတစ်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပိုစတာ

ကျောင်းသားများ စုရုံးလက်မှတ်ထိုးနေကြစဉ်

ရွှေဝါရောင်ကိုယ်တော်များနှင့် Mr. Patt

ကျောင်းသားများ စုရုံးလက်မှတ်ထိုးနေကြစဉ်

ကျောင်းသားများ စုရုံးလက်မှတ်ထိုးနေကြစဉ်

(မှတ်ချက် - ကိုယ်ပိုင်အယူအဆများနှင့် လူ့အခွင့်အရေးကြေငြာစာတမ်းနှစ်ပတ်လည်နေ့အတွက် အမှတ်တရ တင်ပေးခြင်းပါ တပြိုင်နက်တည်း မြန်မာနိုင်ငံသားများ လက်သည်းစိတ်လို့ လက်ထိပ်နာ နိုင်ကြပါစေလို့ ... )
......
ကိုဇော်

Thursday, December 3, 2009

တမူထူးတဲ့လူ



သူလည်း လူပဲ ...
ဦးနှောက်ရှိလို့ ... ဆုံးဖြတ်တတ်တယ်
အသွေးအသားနဲ့မို့ ... ခံစားတတ်တယ်
နှလုံးသားရှိလို့ ... ချစ်တတ်တယ်
မြန်မာမို့လို့ ... သတ္တိရှိတယ်
.......
သူလို့ တခြားမြန်မာတွေလည်း လူတွေပါပဲ ... ဒါပေမယ့် မတူညီတဲ့ ရည်ရွယ်ချက်တွေနဲ့
ခရီးတခုကို အတူတူ သွားနေကြတယ် .. ဒါပေမယ့် လားရာတော့ မတူညီကြဘူး ...
သူကဘာပြောလည်းဆိုတော့ ....

ဟိတ်!
ကိုယ့်လမ်း ..... ကိုယ်သွား
ကိုယ့်အလုပ် ..... ကိုယ်လုပ်
ကိုယ့်တာဝန် ..... ကိုယ်ကြေ
ကိုယ်သီလ ..... ကိုယ်လုံ
ကိုယ့်သမိုင်း ..... ကိုယ်ရေး
ဒါပဲ
ကျော်သူ


(မှတ်ချက် - ကိုကျော်သူရဲ့  ဓါတ်ပုံလေးကို အီးမေးလ်တခုက ရလိုက်ပြီး ... သူ့ဓါတ်ပုံလေးကိုကြည့်ကာ စိတ် မကောင်းအတော်ဖြစ်သွားခဲ့တယ် ... ဒါနဲ့ ဒီဓါတ်ပုံလေးကို ဘလောဂ့်ထဲမှာသိမ်းထားခြင်လို့ .. ရေးချင်တာ လေးတွေ နည်းနည်းရေးပြီး တင်ထားလိုက်တာပါ ..... အမှားပါရင် နားလည်ပေးပါ .... )

ကိုဇော်

Sunday, October 18, 2009

ကိုမင်းကိုနိုင်၏ (၄၇) နှစ်မြောက် မွေးနေ့ အမှတ်တရ

“တလုပ်စားဖူး သူ့ကျေးဇူး” တဲ့ ဒီစကားဟာ မြန်မာလူမျိုးတွေရဲ့  ရိုးစင်းသော မေတ္တာ၊ စေတနာတွေကနေ စတင်မြစ်ဖျားခံလာတဲ့ ဝေါဟာရလေး တခုဆိုရင် မမှားပါဘူး .... စစ်တပ်အပေါ် စစ်သားများက သစ္စာရှိနေလို့ ယနေ့ စစ်တပ်ဟာ တိုင်းပြည်အာဏာကို မြဲမြံစွာ စုပ်ကိုင်ထားနိုင်တာပါ၊ ကျနော်တို့ကလည်း ပြည်သူကို ချစ်တဲ့ ပြည်သူပြည်သားမှန်တယ်ဆိုရင် ပြည်သူလူထုအပေါ်မှာ တကယ်တမ်း စစ်မှန်တဲ့သစ္စာတရားတွေ မြဲမြံနေမယ် ဆိုရင် ကျနော်တို့ ပြည်သူ ပြည်သားတွေလည်း အမြန်ဆုံး လွတ်မြောက်မှုကိုရကြမှာပါ။
....................
ယနေ့ထောင်အသီးသီးမှာ ရောက်နေကြတဲ့ အကျဉ်းကျခံ ကျောင်းသားခေါင်းဆောင်တွေထံမှာ ကျနော်တို့ ထမင်းတလုပ်စားဖူးမှ ကျေးဇူးတင်ရခြင်းမဟုတ်ပါ၊ မြန်မာပြည်ကြီး လွတ်မြောက်ဖို့ မိမိတို့ရဲ့  အသက်သွေးချွေးတွေကို စတေးနေတဲ့ ဒီကျောင်းသားခေါင်းဆောင်တွေရဲ့  ကျေးဇူးတရားဟာ မြင်းမိုရ်တောင်မက ကြီးမားလှပါကြောင်း ကျနော်သတ်မှတ်လိုပါတယ် .... ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်း ဟာလည်း မြတ်သောအလုပ်တခုပါ၊ ဒါကြောင့် ဒီကနေ့ ကျရောက်တဲ့ ကိုမင်းကိုနိုင်ရဲ့  (၄၇) နှစ်မြောက် မွေးနေ့တွင် ကိုမင်းကိုနိုင်အား ဤနေရာမှ ရှီခိုးကန်တော့၍ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် .... ဤယနေ့မှသည် ကိုမင်းကိုနိုင်တယောက် ကျမ္မာရွှင်လန်း၍ ဘေးဘယာ ရောဂါများကင်းဝေးကာ စစ်အာဏာရှင် စနစ်တို့ကို တွန်းလှန်နိုင်ပြီး အကျဉ်းထောင်ထဲမှ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ....
.................


(မှတ်ချက် - စနစ်တကျ မရေးနိုင်ဘဲ အထက်က ဗီဒီယိုဖိုင်လေးဖြင့်သာ ပိုစ့်လေးတခုရအောင် ဆားချက်လိုက်တာကို နားလည်ပါရန်)
ကိုဇော်

Friday, July 17, 2009

ဘယ်သူမေ့မေ့ ဒို့မမေ့

62 နှစ်မြောက် အာဇာနည်နေ့


ဗမာ့သမိုင်းတလျှောက်မှာ အာဇာနည်ပေါင်းမြောက်များစွာ ရှိခဲ့ပါတယ်၊ အဲ့ဒီအထဲမှာမှ တိုင်းပြည်ကို အင်္ဂလိပ်လက်အောက် က လွတ်မြောက်အောင် အသက်တွေပေးရင်း ကျဆုံးခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရဲဘော်ရဲဘက် ၉ ယောက်ကို ဗမာ့သမိုင်းမှာ အာဇာနည်ခေါင်းဆောင်များလို့ ကဗျည်းထိုးခဲ့ကြတယ်… ဒီကိစ္စတွေကို ပြောမယ်ဆိုရင် ဦးနေ၀င်းကြီး ကတောင် ကျေးဇူးတရားသိတတ်တဲ့ လူသတ်ကောင်လို့ အမည်တပ်ရင် မမှားဘူးလို့ ကျနော်ထင်မြင်မိပါတယ်…. (ဦးနေ၀င်းကို ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှုအပေါ် လူသတ်ကောင်လို့သုံးနှုံးလိုက်ပါတယ်)၊ ဘာဖြစ်လို့လဲဆိုတော့ သူ့လက်ထက်မှာ အာဇာနည်နေ့ကို တိုင်းသိပြည်သိ ကျင်းပပေးခဲ့လို့ပါ။
(သူကအဓိကသမိုင်းတရားခံနော် ခွင့်လွှတ်မယ်လို့တော့ မထင်နဲ့)

ဒီလက်ရှိစစ်အာဏာရူးတွေ (နအဖ) တိုင်းပြည်ကို အာဏာသိမ်းခါ တက်လာပြီး ၁၉၈၉ ခုနှစ် နောက်ပိုင်းကစလို့ ဒေါ်အောင်ဆန်းစုကြည်၏အရှိန်အ၀ါကို မှေးမှိန်စေရန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်အောင်ဆန်း၏ သမီးအဖြစ် ပြည်သူများက အသိအမှတ်မပြုစေရန်၊ အာဇာနည်နေ့ကို စတင်၍တိုက်ခိုက်ခါ သမိုင်းထဲမှ ဖယ်ထုတ်နေခဲ့ပါတယ်၊ ဒါတွေကို အမှန်တရားကို လက်ခံသော ဗမာနိုင်ငံသားများအားလုံး အသိပင် ဖြစ်ပါတယ်၊ (ယနေ့အချိန်အထိ ပြည်တွင်းက သတင်းစာများမှာ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ နှိုးဆော်စာများ မတွေ့ရသေးပါ)။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာနိုင်ငံရဲ့ လွပ်လပ်ရေးဖခင်၊ ဗမာ့တပ်မတော်ရဲ့  ဖခင်ဆိုတာကိုကော ဘယ်သူငြင်းနိုင်မှာလဲ ?

ဒါပေမယ့် ခက်နေတာက သမိုင်းအမှန်ကိုသိရက်နှင့် မိမိကောင်းစားရေး၊ မိမိအသက်ရှင် ရပ်တည်ရေးတို့ကို ရှေးရှုနေတဲ့ လူအများကတော့ စစ်အာဏာရှင်တွေဘယ်လိုပဲလုပ်လုပ် လက်ခံနေဆဲပါပဲ၊ ထိုအထဲမှာ အခြေအနေအမျိုးမျိုးအရ သူတို့ရဲ့ လက်အောက်မှာ အသက်ရှင်ရပ်တည်ရင်း တိုင်းပြည်အကျိုးကို တဖက်တလမ်းမှ ဆက်လက်သယ်ပိုးနေသော ပြည်သူ့စစ်သားများကိုတော့ မဆိုလိုပါ၊ သူတို့ကို ဗိုလ်ချုပ်၏ သားများလို့ ကင်ပွန်းတပ်ပါရစေ (ဥပမာ-နအဖ၏ လျှို့ ဝှက်စာတမ်းများကို အများပြည်သူထံသို့ ဖြန့်ဖြူး ပေးနေသော၊ နအဖကို အနီးကပ်စောင့်ကြည့်နေသော နအဖ၏စနစ်ကြီးကိုဖြိုလှဲရန် အသင့်စောင့်ဆိုင်းနေသော ပြည်ချစ်စစ်သားများ) ကို ဆိုလိုပါသည်။

နအဖရဲ့  စစ်အာဏာရှင်စနစ်ဆိုးကြီး အသက်ရှင်ရပ်တည်နိုင်အောင် အဖက်ဖက်မှ ၀ိုင်းဝန်းကြိုးပန်းနေသော ၀န်ကြီးချုပ်များ၊ စီးပွါးရေးပညာရှင်များ၊ အုပ်ချုပ်ရေးပညာရှင်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များနှင့် အခြေခံ လက်လုပ်လက်စားများ (ဥပမာ -စွမ်းအားရှင်နှင့် ကြံဖွတ်များ)ကို အထက်က မေးခွန်းလေးကို မေးလိုက် ပါရစေ၊ ဗိုလ်ချုပ်ဟာ ဗမာနိုင်ငံရဲ့ လွပ်လပ်ရေးဖခင်၊ တပ်မတော်ရဲ့  ဖခင်ဆိုတာ ဟုတ်ပါသလားလို့ ?
(အကယ်၍ ဗမာစာကိုတောင်မှာ မဖတ်တတ်ရင်တော့ သူတို့တွေ သိကြမှာတော့ မဟုတ်ပါ)

ဗမာ့သမိုင်းတလျှောက်တွင် ဗမာလူမျိုးများသည် ကျေးဇူးရှိသူကို ကျေးဇူးဆပ်ကြပြီး၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုလာခဲ့သည်ကို တွေ့မြင်ခဲ့ကြရမှာပါ၊ သို့သော် ယနေ့ခေတ်သို့ရောက်မှသာ အုပ်ချုပ်သူ လူတန်းစားများ သည်၊ မိမိတို့ စနစ်ဆိုးကြီးခိုင်မြဲစွာရပ်တည်နိုင်ဖို့အတွက် ဗမာလူမျိုးတို့၏ ကျေးဇူးသိတတ်သော သမိုင်းကို ဖျောက်ဖျက်နေကြပါတယ် (ကျေးဇူးကန်းနေကြခြင်းပါ)

နောက်ပြီး မျိုးဆက်သစ်များကိုလည်း သူတို့ရဲ့  စနစ်ကြီးတွင် တသားထဲကျသွားအောင် သင်ကြားထိန်းကြောင်း နေပါတယ်၊ ဗမာပြည်ရှိ ရုံးများ၊ ကျောင်းများ၊ ဌာနဆိုင်ရများတွင် ဗိုလ်ချုပ်၏ ပုံများချိန်ဆွဲခဲ့ရမှ ယခုအခါ သူတို့ပုံများဖြင့် အစားထိုးခဲ့ကြပါတယ်၊ မည်သည့်သမိုင်း အစဉ်အလာရ သူတို့ဟာ တိုင်းပြည်ကို ကယ်တင်ခဲ့သော ကယ်တင်ရှင်များ ဖြစ်ခဲ့ပါသလဲလို့ မေးလိုက်ပါရစေ၊ (ပြည်သူ့အာဏာကို မတရားသိမ်းပိုက် ထားပြီးတော့) အခြေခံပညာရေးများတွင်လည်း ဗိုလ်ချုပ်တို့၏ သမိုင်းများကို ဖျောက်ဖျက်နေပါသေးသည်။

စစ်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်မှာ ပြည်သူတရပ်လုံးအား အတိတ်က သမိုင်းများကို မေ့လျှော့စေရန် နည်းပညာများဖြင့် စနစ်တကျ ပြုလုပ်နေခြင်းဖြစ်ပါသည်၊ အနာဂတ်မျိုးဆက်များကို မိမိတို့ပြုလုပ်ခဲ့သော သမိုင်းများကိုမသိရှိရန်ရည်ရွယ်၍ သမိုင်းအမှန်များကို ဖျောက်ဖျက်နေကြပါသည်၊ မျိုးဆက်အသစ်တဆက် ဖြစ်ပေါ်လာတဲ့အခါ သူတို့သွားလိုသော စနစ်ကြီးဆီသို့ တိုင်းပြည်ကိုဆက်လက်သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မည်သို့ပင် ဖျောက်ဖျက်စေခါမူ တိုင်းပြည်ကိုချစ်သော ဗမာနိုင်ငံသားများ၊ ဒီမိုကရေစီ လိုလားသူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် တိုင်းပြည်ကိုတကယ်စေတနာမှန်ဖြင့် တိုးတက်စေလိုသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများမှ အာဇာနည်နေ့ကို ဆက်လက်ထိန်းသိမ်းကြပြီး၊ မိမိတို့ကိုယ်တိုင်ပင် အာဇာနည်များ အဖြင့် ဗမာ့သမိုင်းတွင် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း…

(ဤပိုစတာလေးဖြင့် ဗိုလ်ချုပ်အား အလေးပြုလိုက်ပါတယ်)
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဤနေရာမှ အလေးပြုလိုက်ပါသည်။

မှတ်ချက်၊ ၊ (ဓါတ်ပုံများကို (http://arzarni.blogspot.com/, http://hteinkmin.blogspot.com/ ) ကူးယူရရှိပါသည်)

Monday, July 6, 2009

7ဇူလိုင် မမေ့နိုင်

“ဟေ့ကောင်ကုလား မင်းဒီတသက် ထောင်ကအရှင်ထွက်ထွက်ဖို့မရှိဘူး“

ဒီလဟာ ဇူလိုင်လလေးပါ၊ ဒီလလေးဟာ မြန်မာ့သမိုင်းမှာ ဘယ်လိုမှ မေ့မရခဲ့တဲ့ ၊ ဖျောက်ဖျက်လို့ မရသေးတဲ့ သမိုင်းကျောက်တိုင် တွေရှိခဲ့တယ် ဒီလလေးကို ညစ်ပတ်တဲ့ မျိုးမစစ်တွေရဲ့  လက်များနဲ့ သွေးစွန်းစေခဲ့တယ်၊ အာဇာနည်တွေ အတုန်းတုန်းလဲ ခဲ့တာလည်း ဒီလလေးပါပဲ၊ သမဂ္ဂ အဆောက်အဦးကို ခြေဖျက်ခဲ့တာလည်း ဒီလလေးမှာပဲ ….

အဖေက ကျနော်တို့ ငယ်ငယ်လေးတုန်းက မကြာခနပြောပြခဲ့ဘူးတယ် အတိတ်က ကျောင်းသားအရေးအခင်း တွေအကြောင်းလေ၊ ထိုအထဲမှ 7 ဇူလိုင်လဲ တခုအပါအ၀င်ပေါ့၊ “7 ဇူလိုင် မမေ့နိုင်” တဲ့ ကျနော် ငယ်ငယ်တုန်းက ကြားခဲ့ဘူးတယ် ….. ဘာဖြစ်လို့ မမေ့နိုင်ဘူးဆိုတာလည်း စဉ်းစားမိခဲ့တယ်၊ ကျနော် ကိုယ်တိုင် မပါဝင်ခဲ့ဖူးတာလည်းဖြစ်နိုင်တယ်၊ မမြင်တွေ့ခဲ့ ဖူးတာလည်း ဖြစ်နိုင်တယ်၊ ဘယ်လိုလုပ် ခံစား နိုင်မလဲပေါ့နော် … နောက်ပြီး ၇ ဇူလိုင်ဟာ စာတွေ့နဲ့၊ အကြားအမြင်သာဖြစ်ခဲ့ရတယ် ….. ခံစားတတ်သွားခဲ့တာက ၈၈ မှာပါ … မိမိကိုယ်တိုင် ခလေးဘ၀ နဲ့ အသက်ဘေးတွေက ရှောင်ပြေးခဲ့ရတော့ ဟိုတချိန်က ၇ ဇူလိုင်ကို မြက်ဝါးထင်ထင်မြင်ယောင်ပြီး နှလုံးသားနဲ့ပါ ခံစားတတ်သွားတယ်၊ ဒါနဲ့ပဲ အဖေပြောပြဖူးခဲ့တဲ့ 7 ဇူလိုင် အကြောင်းတွေကို ကျနော်စဉ်းစားရင်း မြန်မာနိုင်ငံက ကျောင်းသားခေါင်းဆောင် တွေ အကြောင်းကို စဉ်းစားနေမိတယ် … ကျနော်ရဲ့  အလေးစားအပ်ဆုံး လူသားတွေကတော့ မြန်မာနိုင်ငံက ၈၈ ကျောင်းသား ခေါင်းဆောင်များပါပဲ၊ ဒီလိုနဲ့ပဲ အင်တာနက် စာမျက်နှာများကို လိုက်လံဖွေရှာ ဖတ်မိနေခဲ့တယ်၊ ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ကိုဌေးကြွယ်၊ အစရှိတဲ့ ရဲစွမ်းသတ္တိရှင်တွေရဲ့  အကြောင်းတွေပေါ့ … ဟိုဟို ဒီဒီ လိုက်ဖတ်ရင်း အထက်ကခေါင်းစဉ်တပ်ထားတဲ့ အကြောင်းအရာပါ “ကိုမြအေး“ အကြောင်းတွေစီ ရောက်သွားတယ် ….
ပြီးတော့ ကိုမြအေး “Politician of the Year 2006 Burma” ဆိုတဲ့ ဆု ရရှိပုံကို ကော်ပီလုပ်ခါ စုဆောင်းလိုက်မိတယ်၊ ထိုအကြောင်းအရာတွေထဲမှာ အထက်က စာတမ်းလေးကို သဘောကျလို့ ခေါင်းစဉ် စာတမ်းအဖြစ် ရွေးချယ်မိလိုက်တယ် …. ကိုမြအေးဟာ မြန်မာမွတ်ဆလင် အမျိုးသားတယောက်ပါ၊ မိမိလူမျိုး၊ တိုင်းပြည်အကျိုးအတွက် အသက်ကို စတေးပေးနေတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် တစ်ဦးဆိုတာကို စာတွေလိုက်ဖတ်ရင်း ကျနော်သိခဲ့တယ် … ဒါနဲ့ပဲ ကိုမြအေးသမီးလေး ရေးထားတဲ့ အကြောင်းလေးကို copy လုပ်ခါ ဒီအောက်မှာ past လုပ်လိုက်မိတယ် .....

၈၈ ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သော ကိုမြအေး

ကိုမြအေးသမီးကပြောတဲ့ ကိုမြအေးအကြောင်း

My Father A Political Prisoner.My father is in Prison in Burma because he campaigns for freedom and democracy in my country. His name is Mya Aye and he is one of the leaders of 88-generation students group. The 88-generation students group is not a political party but rather a movement of students who campaigned against the Burmese regime in 1988. They led an uprising which was brutally crushed by the regime – we will never know how many people died but it is estimated to be over 3,000 people. My father believes in human rights and freedom. He believes that every single person should have rights and freedom to do what they believe in. he has been speaking out for freedom in Burma for more than 20 years now.For speaking out against the regime he was arrested. A few months ago the regime gave him a 65 year sentence. He has been sent to Loikaw prison, which is more than 500 miles away from our hometown, Rangoon. Next Tuesday, March 10th will be my fathers 43rd birthday. It makes me so sad that the Burmese regime will make him spend his birthday in prison without his families or friends.My father is also very ill. He has a heart problem and had a heart attack two years ago. Because of poor prison conditions (the regime only gives him only very poor quality food and no medicine) his health is becoming worse. I think the Burmese regime want him to die in prison.I am 20 years old but throughout my whole life I have only been able to spend 9 years with my father. I want to see my daddy again and have a cuddle from him again. But my hope and faith are becoming weak. Every night, I have nightmares that I will never see my father again. I know freedom will come to my country soon, but I am scared it will be too late to my father.I’ve set up a Facebook profile for my father so you can show your support to him. Please show your support now:http://www.new.facebook.com/pages/Mya-Aye/36737846954

(မှတ်ချက် ... ဤပိုစ့်၏ ခေါင်းစဉ်သည် ကိုမြအေး ထောင်ကျနေစဉ်အတွင်း စစ်ထောက်လှမ်းရေးများမှ abuse လုပ်ခဲ့သော စကား ဖြစ်ကြောင်း သိရပါတယ်)

(မှတ်ချက် ..... အထက်ပါ ဓါတ်ပုံများနှင့် ခေါင်းစဉ်ကို burmadigest မှ ကူးယူ ရရှိပါတယ် ... 7 ဇူလိုင် အမှတ်တရ အတွက် ကြိုတင်မပြင်ဆင်နိုင်၍ ယခုလို ဆားချက်လိုက်တာကို နားလည်ပေးပါလို့ ... အမှားများပါရင်လည်း ခွင့်လွှတ်စေချင်ပါတယ်)

ကိုဇော်

Friday, June 26, 2009

အနှစ်သက်ဆုံး အနုပညာသည် မိုက်ကယ်လ်ဂျက်ဆင်အတွက် အမှတ်တရ



ကျနော်က ငယ်ငယ်လေးကတည်းကစပြီး အက ကိုဝါသနာပါခဲ့ပါတယ် (ပေါ့ပ်နဲ့ ရောခ့် အက သက်သက်ပါပဲ) အဖေတို့က လုံးဝမကြိုက်ပါဘူး အမြဲတစေ ကျနော့်ကို ဆူပူကြိမ်းမောင်းခဲ့ပါတယ် ဒါပေမယ့် လုံးဝ တားမရခဲ့တဲ့ ၀ါသနာကို စစေခဲ့တာကတော့ အခု တမလွန်ကို ပြောင်းရွှေ့သွားတဲ့ မိုက်ကယ်ဂျက်ဆင်ပါပဲ အရွယ်ရောက်တဲ့ အချိန်ကစပြီး အခုအချိန်အထိလဲ music သံ ကြားရင် ခြေထောက်တွေ လက်တွေ ခေါင်းတွေ က အငြိမ်နေလို့ မရသေးပါဘူး........

မှတ်မှိနေပါသေးတယ် ကျူရှင်သွားရင်း လက်ဘက်ရည် ဆိုင်အရှေ့မှာ သူငယ်ချင်းများနဲ့ ချိန်းပြီး ကခဲ့လို့ အဒေါ်တွေက မိဘများကိုတိုင်လိုက်လို့ အရိုက်ခံလိုက်ရသေးတာတွေ....... ဆောင်းတွင်းတွေမှာ မနက် အစောကြီးထပြီး ကျမ်းမာရေးလုပ်မယ်လို့ (အပြေး) လိမ်ပြောကာ သုဝဏ အားကစားကွင်း (တရုတ်ကွင်း) မှာ သွားပြေးရင်း သူငယ်ချင်းများနဲ့ ချိန်းကာ မိဘ မသိအောင် ခိုးခိုးပြီး က ခဲ့တာတွေကိုလည်း ဒီနေ့မှာ စုပုံပြီး အမှတ်ရနေပါတယ်....

ဒီနေ့ အရမ်းဝမ်းနည်း နေမိတယ်ဗျာ .... ကျနော် အရမ်းမြတ်နိုး၊ ရူးသွပ်ခဲ့ရတဲ့ အကပညာရှင်၊ အနုပညာရှင် တယောက် ဤလောက ကြီးက အပြီးအပိုင် ထွက်သွားလိုက်ရလို့လေ............ မိုက်ကယ်ဂျက်ဆင် တယောက် ကောင်းရသုဂတိလားပါစေဗျာ... ဘုရားသခင်ကောင်းချီးပေးပါစေ.... ကောင်းရာဘုံမှာစံမြန်းနိုင်ပါစေလို့ ဆုတောင်းရင်း.....
(အထက်ကဗွီဒီယိုလေးကို အလွမ်းပြေကြည့်မိပါတယ်)

သူကိုချစ်တဲ့ ကျနော်
ကိုဇော်

Friday, April 3, 2009

Thee4Thee and Utica' family

Sunday, March 22, 2009

နယူးယောက်က China town သို့ အလည်တခေါက်

နယူးယောက် စီးတီးရဲ့ China town က စည်ကားရာ နေရာလေးတခုကို အမှတ်တရ ရိုက်ထားတာပါ။ လူတွေ ရဲ့ သဘာဝအရ ရေကြည်ရာမြက်နုရာ ရွေ့ လျှားသွားလာ ရင်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက ရောက်ရှိ လာတဲ့ တရုတ်လူမျိုးများ စည်ကားရာနေရာလေး တခုပါ၊ အဲ့ဒီနေရာကို ရောက်သွားရင် ထိုင်းနိုင်ငံနဲ့  အာရှကို ရောက်သွားသလိုပါဘဲ စိတ်ထဲမှာ ခံစားသွားရ တယ်၊ လမ်းဘေးတလျှောက်မှာ တရုတ်စကားပြောနေတဲ့ လူတွေကြီးဘဲတွေ့ နေရတယ်လေ၊ အနီးစပ်ဆုံးနေရာကို ပြောရရင်တော့ ထိုင်းက ဘန်ကောက်မြီု့ မှာရှိတဲ့ Pratunam လို့ ခေါ်တဲ့ လူစည်ကားရာ နေရာလေးတခုနဲ့ အရမ်းတူတာပဲ၊ ဒါနဲ့ အမှတ်တရ ဓါတ်ပုံလေးတွေ ရိုက်လာခဲ့တာပါ၊၊
အောက်ကပုံကတော့ လမ်းဘေးမှာရောင်းနေတဲ့ အသီးအနှံဆိုင်လေးတွေပါဘဲ၊ ဒီပုံကလဲ ထိုင်းက ဆိုင်တွေ အတိုင်းပါဘဲ။ ရောက်ဝလတ်လို့ ခေါ်တဲ့ (Yao Warat) တရုတ်လူမျိုးအများဆုံး ရှိတဲ့ နေရာမှာလဲ ဒီလိုမျိုးဆိုင်လေးတွေ လမ်းဘေးတလျှောက်မှာ အပြည့်ပါဘဲ၊ တိုက်ဆိုင်တာက နိုင်ငံတနိုင်ငံမှာ မတူညီတဲ့ လူမျိုးများ ပေါင်းစုပြီးနေထိုင်ကြတာဟာ သဘာဝဖြစ်ပေမယ့် ကျနော်တို့ ဗမာနိုင်ငံမှာတော့ တခြားလူမျိုးတွေဆို လုံးဝ ခွဲခြားပြီးဆက်ဆံနေခြင်းပါဘဲ၊ နိုင်ငံသားအခွင့်အရေးတွေ ပျောက်ဆုံးနေဆပါဘဲ၊ ဘယ်အချိန်အထိ ဒီလိုမျိုး ဆက်ပြီး ရှိနေအုံးမှာလဲလို့ မသိတော့ပါဘူး။


အောက်ကပုံကတော့ သိချင်တဲ့ အချက်အလက်များကို မေးမြန်နိုင်တဲ့ Information dept. လေးပါပဲ china town ရဲ့ အလယ်လောက်မှာ ရှိပါတယ်။

ဒီနေရာလေးရှိတဲ့ လမ်းနာမည်ကတော့ Canal St. ပါဘဲ။ tourists တွေနဲ့ အမေရိကန်နိုင်ငံသားတွေလဲ နေ့ စဉ် နဲ့ အမျှ လာရောက်လည်ပတ်နေကြပါတယ်။

Wednesday, February 25, 2009

ယူတီကာစနိုးကြားမှာ ကြွေသွားတဲ့ မြန်မာသစ်ရွက်လေးတရွက်

ယူတီကာမှာ ကြွေသွားတဲ့ မြန်မာသစ်ရွက်လေးအကြောင်း




လူတွေဟာ သေခြင်းတရားကို ဘယ်သူမှ မလွန်ဆန်နိုင်ဘူးဆိုတာကို ဒီကနေ့ ယူတီကာမြို့ မှာ လေးယောက်မြောက် မြန်မာနိုင်ငံသားရဲ့ အသုဘ အခမ်းအနားလေးတခုက သက်သေပြလိုက်ပါတယ်၊ ကျနော်တို့ ဟာ အမေရိကန်နိုင်ငံကို ရောက်ကတည်းက အမြဲတမ်းကြွေးကျော်နေခဲ့တဲ့ စကားလေးတခွန်းက၊ ငါတို့ ကတော့ အမေရိကန်နိုင်ငံမှာ မသေနိုင်ပါဘူး၊ တိုင်းပြည်ဒီမိုကရေစီရတာနဲ့ ပြန်ပြီး၊ ဟိုမှာဘဲ သွားသေမှာကွ၊၊ ဒီနိုင်ငံကို ရောက်လာတာလဲ နှစ်တွေဆွေးလို့ အသက်တွေလည်း ကြီးလာကြပြီ၊ တိုင်းပြည်လည်း စစ်အစိုးရလက်ထဲမှာ မွဲပြာကျလို့ ဖွတ်ဖွတ်ကျေနေပြီ၊ ကျနော်တို့ ရဲ့ တော်လှန်ရေး၊ နိုင်ငံရေးသမားတွေလည်း ပြည်ပမှာ အတုံအရုံးလည်းလို့ ၊ ကြွေးကြော်သံတွေနဲ့ အတူအမေရိကန်မြေမှာ အိပ်စက်အနားယူသွားကြပြီ၊ အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်ရန် ရောက်လာရင်း ကျဆုံးသွားတဲ့ (ရခိုင်လွတ်မြောက်ရေးပါတီ) (ALD) မှ ကိုသန်းထွန်းရဲ့ အသုဘအခမ်းအနားလေးကို ကျနော်တို့ အမေရိကန်နိုင်ငံရဲ့ ယူတီကာမြို့ လေးမှာ မနေ့ ကဘဲသင်္ဂြိုလ်လိုက်တာပါ၊၊ ကျနော်တို့ မြန်မာနိုင်ငံသားတွေရဲ့ စည်းလုံးညီညွတ်မှုကို ကျနော် ဒီကနေ့ လေးစားမိသွားတာတော့ အမှန်ပါ၊ ဘာလို့ လဲဆိုတော့ ကိုသန်းထွန်းဟာ ဒီမြို့ မှာ ဆွေးမျိုးသားချင်းတယောက်မှ မရှိဘဲ ရပ်တည်နေတာပါ၊ ကိုသန်းထွန်း ဆုံးသွားတယ်ဆိုတာနဲ့ ၊ ယူတီကာရှိ ရခိုင်မိသားစုများက ကြီးမှုးပြီး အသုဘကို ပြီးဆုံးအောင် ပို့ ဆောင် စီစဉ်ခဲ့လိုက်ကြတယ်၊ ရခိုင်မိသားစုများ ဦးဆောင်ပြီး ကျန်အချို့ မြန်မာနိုင်ငံသားများအပါအ၀င် ကားအစီး ၁၇ စီးဖြင့် သွားရောက် ပို့ ဆောင်ခဲ့ကြပါတယ်။ အော် --အရေးကြီးတော့ တို့ မြန်မာတွေ တော်တော်အားကိုးရတာပဲလို့ ကျနော်ပြန်ပြီး တွေးမိသွားပြီး၊ ကိုအလှည့်ကျရင် ဘယ်လို ကူညီဆောင်ရွက်မလဲဆိုတဲ့ ကိတ်စကို ရင်ထဲမှာ ပူပင်မှုမရှိပဲ အေးဆေးသွားခဲ့တယ်။