အာယုတို့ ဇတ်လမ်း (တပ်ထဲဝင်သွားခြင်း)
အခုတလော ပိုစ့်တခုလောက်တင်ဖို့စဉ်းစားနေရင်း တခြားအလုပ်များနဲ့ ရှုပ်နေကာ (မသိရင် တကယ့် စာရေး ဆရာကြီး ကျနေတာပဲနော်…အဟတ်) ဘာရေးရမှန်း မသိတော့ပါ၊ ဒါနဲ့မြန်မာပြည်ကို ထိုင်လွမ်းရင်း အမေတို့ကို သတိရလိုက် ငယ်သူငယ်ချင်းများကိုသတိရလိုက် တောင်တွေးမြောက်တွေး တွေးရင်း သူငယ်ချင်းတယောက် အကြောင်းကို သွားသတိရသွားလို့ သူ့အကြောင်းလေး ရေးရင်း အလွမ်းဖြေဖို့ စိတ်ကူး လိုက်မိတယ်လေ… သူကတော့ အာယု တဲ့လေ…
နာမည်က အာယုတဲ့ အသက်ရှည်ခြင်းဂုဏ်ကိုဆောင်မယ်ထင်တာပဲ မနက်မိုးလင်း မျက်လုံးနှစ်လုံးပွင့်တာနဲ့ အမေနဲ့အဖေက ချီးမွမ်းခန်းစဖွင့်တော့တာပဲေ…. ကောင် နင်မြန်မြန်သေမှ အေးမယ်၊ ဒါက သူ့ကို မောနင်းချီးမွမ်းခန်း၊ ကျနော်တို့ အိမ်ချင်းက ကပ်ရက်ပါ၊ ရပ်ကွက်က သင်္ကန်းကျွန်းထဲမှာဆိုတော့ သိကြတဲ့အတိုင်းပဲ ဟိုဘက် ဒီဘက် မနက်မိုးလင်း စ ပွားတာနဲ့ ညနေ ခြင်ထောင်ထဲ ၀င်တဲ့အထိပါပဲ အကုန်ကြားနေရလို့ပါ၊ ရပ်ကွက်အားလုံးကို မဆိုလိုပါ တချို့ သော နေရာများကို ဆိုတာပါ၊
အာယု ရဲ့  အဖနဲ့ အမေက သူကို့ အရမ်းချစ်ပါတယ် အငယ်ဆုံးသားလေးမို့ တကြောင်း အသက်အရမ်းကြီးမှ ရထားတာက တကြောင်း၊ သူကလဲ မိဘ မောင်နှမတွေကို အငယ်ဆုံးဆိုတဲ့အတိုင်း ဆိုးချင်တိုင်းဆိုး နွဲ့ချင်တိုင်းနွဲ့နေတော့တာပါပဲ၊ မိဘများနှင့် စိတ်ကောက်တဲ့အခါ အကိုအကြီးဆုံးဆီကို သွားလိုက် အမကြီးဆီကို သွားလိုက်နဲ့ စိတ်ကောက်ပြေရင် မိဘများစီပြန်လာလိုက်၊ ဒီလိုဘဲ သွားချီလာချီ လုပ်နေတော့တာပါပဲ၊ သူက ဟန်တယ်လေ အကို၊ အမ များနဲ့ စိတ်ကောက်တဲ့အခါ မိဘများစီပြန်လာလိုက်တယ်၊
အာယုရဲ့  မိဘများကတော့ ဆင်းရဲကြတယ် (အာယုရဲ့  အဖေက မီးရထား ဂါတ်ဘိုဟောင်း ပင်စင်စားကြီးလေ၊ အမေကတော့ ဘာအလုပ်မှ မလုပ်နိုင်တော့ဘူး၊ သားသမီများပေးစာ ကမ်းစာတွေနဲ့ပဲ ရပ်တည်နေကြတာလေ) ဒါကြောင့် သူက များသောအားဖြင့် အကို၊ အမကြီးများနဲ့သာ သွားသွားနေဖြစ်ပါတယ်၊ အကိုနဲ့အမ နှစ်ဦးစလုံးက မင်္ဂလာဒုံ ဆေးတပ်ထဲမှာ တာဝန်ထမ်းဆောင်နေတယ်၊ နှစ်ဦးစလုံးက ဆရာဝန်တွေ ဖြစ်နေတော့ ပိုက်ဆံက ထောတယ်လေ၊ ဒါကြောင့် အာယုက သူတို့ကို ကပ်တာပိုများတယ်၊ ဘယ်လိုပဲဖြစ်ဖြစ်ပါ အာယုက တပတ်တခါ စနေနဲ့ တနင်္ဂနွေ နေ့တွေမှာ မိဘများစီ အမြဲလိုလို ပြန်လာနေတယ် ရန်ကုန်တိုင်းထဲမှာဆိုတော့ အရမ်းလွယ်တာပေါ့၊ သင်္ကန်းကျွန်းနဲ့ မင်္ဂလာဒုံက သိပ်မကြာပါဘူး ကားစီးရင် ၂ နာရီလောက်ပါပဲ… အဲ့ဒီအချိန်က ပြောတာနော် အခုတော့မသိတော့ပါ၊ စစ်အစိုးရက လမ်းတွေအဖောက်ကောင်း တံတားတွေအဆောက်ကောင်းဆိုတော့ (ဖောက်ပီးရင်းပျက်၊ ဆောက်ပီးရင်ပျင်) နာရီဝက်အတွင်း ရောက်လိမ့် မယ်လို့ ထင်တာပဲ၊
အာယုနဲ့ ပတ်သက်ရင် မပြောမနေရ တယောက်ကို မေ့ထားလို့ မရဘူးဗျ၊ သူကတော့ အဲ့ဒီအချိန်က အသက် ၂နှစ်အရွယ် အာယု ရဲ့  ဒုတိယအကိုရဲ့  အငယ်ဆုံးသမီးလေးပါ သူ့နာမည်ကိုတော့ ဖြူဖွေး လို့ခေါ်ပါတယ်၊ ဖြူဖွေးရဲ့  အဖေနဲ့ အမေများက လမ်းဘေးမှာ အသီးအနှံရောင်းတဲ့ ဈေးဆိုင်လေးတဆိုင်ဖွင့်ထားပါတယ်၊ သူတို့ဆိုင်က သင်္ကန်းကျွန်း၊ တောင်ဥက္ကလာပနဲ့ ရန်ကင်းတို့ဆုံရာ နယ်ခြားမှာရှိတဲ့ လူသိများကျော်ကြားတဲ့ ၁၆ ကွေ့ မှာပါ၊ (ကြော်ညာဝင်လိုက်အုံးမယ်ဗျို့  ….. အဲ့ဒီကွေ့ကဘာကြောင့်လူသိများလဲဆိုတာလေ၊ ၈၈ အရေး အခင်းမတိုင်ခင် ကာလတုန်းက တောင်ဥက္ကလာပမှာ ရာဇ၀င် လူဆိုးကြီးတယောက်ရှိခဲ့တယ်၊ သူကတော့ နယ်ထိန်းရဲတပ်ကြပ် တယောက်ပါပဲ (သူအမည်ကို မေ့သွားတဲ့အတွက် မဖော်ပြနိုင်တာကို ခွင့်လွှတ်ပါ) လူတွေကို မတရားညှင်းဆဲ နှိပ်ဆက်ရာမှာ နာမည်အကြီးဆုံးပဲဗျို့  (အခုခေတ်မှာဆို ပိုဆိုးပေါ့နော်) ၈၈ လဲရောက်ရော ပြည်သူတွေရဲ့  အနှစ်နှစ်အလလ က ထိန်းသိမ်း ခဲ့တဲ့ ဒေါသတွေကို အန်ထုတ်လိုက်ပါလေရော သူ့ကိုသတ်ပြီး သူ့ရဲ့ အသဲကိုကျော်ကာ စားပြခဲ့ကြတယ် လူတွေက သူကို့ ဘယ်လောက်တောင် သတ်ချင်နေလဲဆိုတာအံမခန်းလိလိပါပဲ ပြီးတော့ သူ့အသဲကိုကြော်ခဲ့တဲ့ ဒယ်အိုးရဲ့  မည်းနေတဲ့ ဖင်ပိုင်းမှာ မြေဖြူခဲနဲ့ “မှတ်ထား” လို့ ရေးပီး ထိုဒယ်အိုးကို ၁၈ပေ လောက်ရည်တဲ့ ၀ါးလုံးအရှည်ကြီး တလုံးရဲ့ ထိပ်မှာ ချိပ်ကာ ၁၆ ကွေ့ရဲ တောင်ဥက္ကလာဘက် အချမ်းက အခုအာယုတို့အကိုရဲ့ ဆိုင်ရှိရာနေရာမှာ ထောင်ထား ခဲ့ကြလို့ နာမည်ကြီးတယ်လို့ ပြောတာပါ၊ တခြားနာမည်ကြီးမှုတွေ ရှိပါသေး ကြုံရင်ပြောပြမယ်နော်)၊
ဖြူဖွေးလေးကို သူရဲ့ မိဘများက မနက်မိုးလင်းရင် အာယုတို့ မိဘများစီမှာ လာအပ်ထားပြီးတော့ ညနေဆိုင်သိမ်းပြီးရင် ပြန်လာခေါ်လေ့ ရှိကြတယ် ဒီတော့ အာယုတို့ အိမ်မှာ နေ့လည်ဆို လူ ၄ ယောက်ရှိပြီး ညဘက်ဆို ၃ ယောက်ရှိကြတယ်၊ အာယုက သူ့တူမလေးဖြစ်တဲ့ ဖြူဖွေးလေးကို ချစ်ရှာပါတယ် အိမ်မှာရှိနေတဲ့ အချိန်တိုင်းမှာ သူ့ကို ၀ိုင်းထိန်းလေ့ရှိတယ် ဖြူဖွေးလေးကလဲ အာယုကို အရမ်းခင်တွယ်လာတယ် အာယုက ဖြူဖွေးလေးကို အကြောင်းပြုပြီး အိမ်အပြင်ထွက်ချင်တဲ့အခါ အမြဲတမ်းအကြောင်းပြကာ ဖြူဖွေးလေးကို ချီကာအပြင်ထွက် ပြီးရင်အိမ်ဘေးနားက တအိမ်အိမ်မှာ အပ်ထားကာ သူငယ်ချင်းများနဲ့ လျှောက်သွားလေ့ရှိတယ်၊ တခါတခါဆိုလဲ ဖြူဖွေးလေးကို ချီရင်း အကိုငယ်ရှိရာ ၁၆ ကွေ့ကိုသွားပြီး မုန့်ဖိုးတောင်းကာ သူငယ်ချင်းများနဲ့ လ္ဘက်ရည်ဆိုင်ထိုင်လေ့ရှိတယ်၊ ဒီလိုနဲ့ ဖြူဖွေးလေးက အာယုကို အရမ်းခင်တွယ်သွားတယ်၊ အာယု မင်္ဂလာဒုံက ပြန်ပြန်လာရင် ဖြူဖွေးလေးက အရမ်းဝမ်းပမ်းတသာ ကြိုကြိုလေ့ရှိတယ်၊
အာယုရဲ့  အဖေကတော့ ပါပါကြီးလို့ခေါ်ပါတယ်(သားသမီးများက ပါပါကြီး လို့ ခေါ်နေတော့ ရပ်ကွက်ထဲက လူတိုင်းကလဲ လိုက်ပြီး ပါပါကြီးလို့ပဲခေါ်တော့တယ်) သူက အထက်မှာပြောခဲ့တဲ့အတိုင်း မီးရထားဂတ်ဘို ပင်စင် စားတယောက်ပါ မီးရထားဂတ်ဘိုဆိုတဲ့အတိုင်း တနိုင်ငံလုံး ရှောက်သွားနေခဲ့ရတယ်လေ ဒီလိုနဲ့ပဲ မြေးများက အဖွားဖြူလို့ခေါ်နေကြတဲ့ အာယုရဲ့  အမေကို လက်ပတန်းမြို့ မှာ တွေ့ပြီး လက်ဆက်ဖြစ်ခဲ့ကြ တယ်လေ၊ ပါပါကြီးက အရမ်းလေးစားဖို့ ကောင်းတဲ့ အဖိုးအို တယောက်ပါ နောက်ပြီး သူက ရှေ့ မှီနောက်မှီလေ ထိုအချိန်က အသက် ၇၀ ကျော်ဆိုတော့ မြန်မာ့ရှေ့ သမိုင်းများကို တော်တော်များများ သိနေခဲ့တယ် ကျနော်တို့ အာယုတို့ အိမ်ကိုသွားတိုင်း ပါပါကြီးက သမိုင်းကြောင်းတွေ ရှင်းပြလေ့ ရှိတယ်၊ ကျနော်တို့ကလည်း ပါပါကြီးကို နှိပ်နယ်ပေးရင်း သိချင်တာတွေ အမြဲမေးမြန်းဖြစ်ခဲ့ကြတယ်၊ ပါပါကြီးက ကျနော်တို့ အာယုတို့ကို အမြဲပြောလေ့ရှိတာက “ဟေ့ကောင်တွေ မင်းတို့ စာတတ်မှဖြစ်မယ် ပညာသင်ကြ၊ စာမတတ်ရင် မင်းတို့ခွေးဘ၀ရောက်မယ် မင်းတို့ငါတို့ရဲ့ တိုင်းပြည်လည်း ချေက်ထဲကျသွားမယ်” ကျနော်ယနေ့ အချိန်ထိ မှတ်မိနေသေး ပါတယ် ဒါပေမယ့် ကျနော်တို့အာယုတို့ ပါပါကြီးမှာခဲ့သလို မလုပ်နိုင်သေးတာကို ပါပါကြီးအခုချိန်ထိ ရှိနေသေးရင် တောင်းပန်လိုက်ချင်ပါတယ်၊ ပါပါကြီးရယ်…. ကျနော်တို့ အခုအချိန်ထိ ကြိုးစားနေဆဲပါလို့၊ ပါပါကြီး ပြောတဲ့အတိုင်း ကျနော်တို့ တိုင်းပြည်ကြီးတော့ ဖြစ်နေတာတော့အမှန်ပါ၊ ပါပါကြီး ယခုအချိန်အသက်ရှင်၍ ရှိနေသေးမယ်ဆိုရင်တော့ ပါပါကြီး မျက်မြင်ပဲပေါ့နော်….
ထိုအချိန်က ပါပါကြီးကပြောခဲ့တာတွေရှိသေးတယ် သူ့သားအကြီးနဲ့ သမီးအကြီးကို ဆရာဝန် လုပ်စေချင်ခဲ့တယ်တဲ့၊ သူတို့နှစ်ယောက်ဟာ တာဝန်ကျေကြောင်း ဒါပေမယ့် သူတို့နှစ်ယောက်ဟာ တာဝန်မကျေကြောင်း ပြန်ပြောခဲ့တယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို လုပ်ခိုင်းတာ ပြည်သူအများအပြား ကိုကုသနိုင်တဲ့ ဆရာဝန်တွေ ဖြစ်စေချင်ခဲ့တာလေ၊ အခုတော့ သူတို့က တပ်ထဲမှာဆရာဝန်သွားလုပ်နေတော့ ပါပါကြီးခမျာ သူ့ရည်မှန်းချက် နည်းနည်းလွဲသွားတာကို စိတ်မကောင်းဖြစ်နေခဲ့တယ်၊ တခါတခါလဲ သူကပြန်ပြီး ပီတိဖြစ်မိတာက ဘယ်လိုဆရာဝန်ဘဲဖြစ်ဖြစ် လူသားများကို ကယ်တင်နိုင်တဲ့ အလုပ်တွေဖြစ်တော့ ကုသိုလ်ရတာချင်းအတူအတူပဲလို့လဲ ဖြေသိမ့်ခဲ့ပြန်တယ်လေ၊ ဒါပေမယ့် သူက အာယုကို အမြဲတမ်း မှာလေ့ရှိတာက “ဟေ့ကောင် မင်းအကိုနဲ့ အမတွေလို တပ်ထဲမှာ ဆရာဝန်သွားမလုပ်နဲ့နော် တခြားအလုပ်တွေ အများကြီးရှိတယ် ပြည်သူကို အကျိုးပြုရင်တော်ပြီ” တပ်ထဲမှာ ဘာအလုပ်ပဲလုပ်လုပ် အာဏာရှင်များကို သက်ဆိုးရှည်နိုင်ကြောင်း၊ အာဏာရှင်များကို အသက်ဆက်နေကြောင်း၊ အာဏာရှင်ယန္တရားကို လည်ပတ်နေခြင်းဖြစ်ကြောင်း၊ ပါပါကြီး အမြဲတမ်းမှာနေခဲ့ပါတယ် …….
(ဆက်ရန်…မျှော်…..)
(မှတ်ချက်၊ ၊ ဤဇတ်လမ်းသည် ဖြစ်ရပ်မှန်ဖြစ်ပါတယ် ကျနော်ရေးတတ်သလိုရေးထားခြင်းဖြစ်သောကြောင့် စာဖတ်သူများ မဖတ်တတ်မည်ကို စိုးရိမ်မိပါတယ် နောက်ထပ်ရေးရန် လိုလားသူများရှိပါက အခန်းဆက်များကို ပြီးဆုံးအောင် ရေးမည်ဖြစ်ကြောင်း ညီအကိုမောင်နှမများကို ပြောကြားလိုပါတယ်)
ကိုဇော်
16 comments:
ဆက်ရန်မျှော်နေပါသည်
း)))))))
ညီမလေး
မြူး
ပါပါကြီးက တကယ်ကို အမျှော်အမြင်ရှိပါပေတယ်...
ဆက်ရန်ကို မျှော်နေပါတယ်
ခင်မင်လျှက်
းဝ) ကိုလူထွေး
အမလေး လာပြန်ပြီ အခန်းဆက် ကိုဇော် ဆက်ရေး စာဖတ်ပျင်းတာတောင် လာပြီးဖတ်တယ်နော် သိလား
မျှော်နေတယ်နော် လူကို ဟွန်းးးး
ဆက်ရေးစမ်းပါ၊ သွေးချင်းညီပါတယ်၊
ခေါင်းဆောင်ကြီး တစ်ယောက်ပြောခဲ့ သလို
ဗိုလ်ချုပ်တို့  လွတ်လပ်ရေးတောင်းခဲ့ တာ
မှားခဲ့ သလိုပဲ..ဆိုသလိုဖြစ်နေပြီ၊
တိုင်းတပါးအောက်နေခဲ့ ယင်တောင်နှစ်ပေါင်း
၆၀အတွင်းအာရှမှာအဆင့် မြင့် မြင့် နေနိုင်ခဲ့ 
ပါပြီ၊ အာဇာနီနေ့ တောင်မှ ပျောက်ကွယ်
တော့ မယ်လေ။
ဖတ်ပြီးသွားပြီလေ...
ပေါ်မှာ ရေးသွားသေးတယ်...
းဝ)
တို့ လဲ စောင့်ဖတ်မယ်
အာယု ရဲ့ ပါပါကြီး ဘာကြောင့် လောကကြီးက စောစောစီးစီး ထွက်သွားရတာလဲ ...
ထဲ့ ရေးပေးနော် .. ဘူဒူတွေကြောင့်လဲ လို့  ။။
မျှော် နေ ၏ ။
ဒါတွေ ဒီလိုရှိတယ်လား။
ဆက်ရေးပါအုန်း။
ဝါး~~~~ ငါ့အကို ဘော်ဘော်တွေ စည်ကားလို့ပါလား
ဆက်ရေးနော် ကျနော်ကအမာခံနော်
လာေ၇ာက်အားပေးသွားကြတဲ့ ညီမလေးမြူး၊ ကိုလူထွေး၊ ငှက်ကလေး၊ ကိုအဖြူလေး၊ အမကောင်းကင်ပြာနဲ့ အမကီးကီး၊ အမအယ်နှင့် ကိုကြယ်ကလေး တို့ကို ကျေးဇူးပါ ဒီလောက်လာပြီး မန့် သွားကြတာကိုကြည့်ရင် အာယု အကြောင်းကို လူတွေ သိချင်နေတယ်လို့ ကျနော် ခံယူလိုက်မယ်နော် ဘာပဲ ဖြစ်ဖြစ်ပါ ကျနော် ဆက်ပြီးဆက်ရေးပါတော့်မယ်
လေးစားသောအားဖြင့်
ကိုဇော်
ုကိုဇော် ရှယ်ပဲ ......
နောက် ခြေလှမ်းသစ် ကိုစောင့်နေတယ်...း)
ကိုဇော်ရေ
ဘယ်သူပြောလဲမဖတ်တတ်ဘူးလို့။ဒီလောက်ကောင်းတာကို။မြန်မြန်ဆက်နော်။မျှော်နေမယ်။
စိတ်ဝင်စားစရာ ကောင်းပါတယ်ဗျာ။
ဆက်သာရေးပါ။... စောင့်ဖတ်ပါ့မယ်။
ကြက်သီးတောင် ထမိတယ်
သတ်ပြီး အသဲကိုကျော်စားရုံမကဘူး မှတ်ထားလို့ပါ ဒယ်အိုးဖင်မှာ အရေးခံရတဲ့ မြို့နယ်လေးတစ်ခုက ပြည်သူမုန်းတဲ့ နယ်ထိန်းကို အဲ့လို ဆုံးမခဲ့ရင် တစ်ပြည်လုံးမုန်းတဲ့ သူတို့တွေကို ပြည်သူတွေက ဘယ်လိုစီရင်ကြမလဲဆိုတာ စောင့်ကြည့်ရမယ်...
ပြည်သူအပေါ်ထားတဲ့ စိတ် အတိုင်း သူတို့ အမြန်ဆုံး ပြန်ရပါစေ
စိတ်ဝင်စားစရာကောင်းတယ်...ဆက်ရန်မျှော်နေမယ်
လက်ကျန်ရှိသေးရင် ဆက်ရန်လေးလုပ်ပါဦးဗျို့
းဝ)
Post a Comment