ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Sunday, September 20, 2009

ကိုရွှေထွန်းကြည်နဲ့ ဖိုးခင်ညွန့်


ကြာတော့ ကြာပါပြီ ဆယ်စုနှစ် တခုနဲ့တဝက် အဲဆိုပါတော့ ၁၅ နှစ် ဝန်းကျင်လောက်က အဖြစ်အပျက် ကလေးပါ၊ စပ်မိလို့

တလောက ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်းအဖွဲ့ကို နအဖက ဝင်စီးမယ် ပြုမယ် လုပ်ပါကော၊ လက်နက်ရှာမှာလိုလို ဘာလိုလိုနဲ့ သူ့လိုဘမပြည့်တော့ ရန်ရှာလာတာပြောပါတယ်၊ သူ့လိုဘဆိုဒါက အားလုံး သိပြီးသားပါ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို နယ်စပ်ဒေသ ကာကွယ်ရေးဖွဲ့ပြီး လက်နက်ကိုင် အားလုံး သူ့လက်အောက်သွင်းချင်တာ၊ ဖုန်ကြားရှင်းကပြောတယ် ဗိုလ်ခင်ညွန့်နဲ့လုပ်ထားတဲ့ ငြိမ်းချမ်းရေးမို့ ဗိုလ်ခင်ညွန့်နဲ့ ပေးယူထားတဲ့ ကတိကဝတ်တွေကြောင့် ဗိုလ်ခင်ညွန့်နဲ့ စကားပြောမယ် ဘာမယ်ပေါ့ဗျာ၊ မလိုတော့လို့ဖယ်လိုက်တဲ့ဇာတ်ရုပ်ကို ဘယ်ဇာတ်ဆရာက ပြန်ကောက်ကိုင်မှာလဲ၊ ဒီစကားက လက်ရှိမှုးကြီး နဲ့ ဗိုလ်ချုပ်တွေကို မျက်ထောင့်နီစေတာတော့ အမှန်ဘဲ၊ သူတို့ကို လူမထင်တဲ့ သဘောပေါ့။

အဲတချိန်က ပြောခဲ့ပါပကော ၁၅ နှစ်လောက်က နအဖတက်စ ဝရုန်းသုံးကား ဖြစ်နေတာလေးတွေ အနယ်ထိုင်စပြုလာတော့ တိုင်းပြည်မှာ နေရာရဗိုလ်ချုပ်တွေ အစွမ်းပြလာကြတယ်၊ ဗိုလ်ချုပ်မျိုးညွန့်က တိုင်းမှူးတွေကို ငါတို့က ပြာတာ… မင်းတို့က ရာဂျာ… ပါကွာလို့ပြောတယ်၊ သဘောကတော့ ငါတို့က ပြာတာပြာတာနဲ့ ဟိုဟာလုပ်ရ ဒါလုပ်ရ ဘာမှရတာလဲမဟုတ် မင်းတို့ကတော့ ကိုယ့်တိုင်းမှာကိုယ် ထင်တိုင်း ကြဲနိုင်တဲ့ ဘုရင်တွေပါပေါ့၊ ရာဂျာ ဆိုဒါ အိန္ဒိယ ကဘုရင်တွေကို ခေါ်တာပါ၊ ကျုပ်တို့ဆီ တချိန်တုန်းက ရှမ်းစော်ဘွားတွေလိုပေါ့ဗျာ၊ တိုင်းမှူးတွေ တန်ခိုးထွားခဲ့တာပြောပါတယ်၊ အခုလဲထွားပါတယ်၊ တန်ခိုး ပြောပါတယ်။

တွင်းတစ်ဖြစ်တဲ့ ဗိုလ်ခင်ညွန့်နဲ့ တွင်းသုံး ဗိုလ်မျိုးညွန့်က မြို့သစ်တွေလှည့်ကြည့် အဝီစိတွင်း ရေတွေ ရှောက်မြည်း၊ လှိုင်သာယာမြို့သစ်က အဝီစိတွင်းတူးတဲ့နေရာမှာ ဗိုလ်ခင်ညွန့်နဲ့ ဗိုလ်မျိုးညွန့် ရောက်သွား တော့ တွင်းတူးတဲ့နေရာမှာ ကြီးကြပ်နေတဲ့ အင်ဂျင်နီယာကို ဟေ့ ရေကောင်းရဲ့ လားကွ၊ ဟုတ်ကဲ့ ကောင်းပါတယ် ဗိုလ်ချုပ် ပီအိပ်ခ်ျ ဆဲဗင်းရှိပါတယ်၊ အေးကျိုးစားကွာ နောက်ဆို ပီအိပ်ခ်ျ နိုင်းတို့ တင်းတို့ ရအောင်လို့ဆိုတော့ အနားက အင်ဂျင်နီယာနဲ့ နားလည်တဲ့လူတွေက ရီရအခက် ငိုရအခက် ဖြစ်ခဲ့ဘူးတယ်တဲ့ ပြောပါတယ် ဗိုလ်ချုပ်များ ခက်ပါဘိတော့၊ တွင်းနှစ်ဖြစ်တဲ့ ဟို ဟယ်လီကော်ပတာပျက်ကျတဲ့ ဗိုလ်တင်ဦးက လမ်းတွေ တံတားတွေ ဖဲကြိုးဖြတ်ဖွင့်၊ သတင်းစာထဲ နေ့တိုင်း အလုပ်ကိုရှုတ်နေကြတာ ပြောပါ တယ်၊ ကြာတော့ရိုးလာတယ် အီလာတယ် သူ့ကိုယ်သူလဲ အရေမရအဖတ်မရလို့ ဗိုလ်ခင်ညွန့်က မြင်လာပုံရတယ်။

အဲကျုပ်ပြောချင်တာ အဲဒီကာလက အကြောင်းအရာလေးတခု၊ ဖုန်ကြားရှင်းဆိုလို့ပါ၊ သူနဲ့တော့ မပတ်သက်ပါဘူး၊ သူတို့ဗိုလ်ချုပ်တွေကြားက ပြည်သူမသိသေးတဲ့ ဇာတ်လမ်းလေးတပုဒ်ပါ။

လက်နက်တွေ ဝင်းဝင်းပြောင်ပြောင်နဲ့ ဖုန်ကြားရှင်းတပ်တွေကြား ဗိုလ်ခင်ညွန့် ဟတ်စကီးဆင်းတော့ တောခွေးအုပ်ကြားသွားရဲတဲ့ ခြင်္သေ့ပေါ့လေ၊ အထူးအဆန်းပေါ့လေ၊ သွားရဲတယ်ပေါ့လေ၊ တိုင်းပြည်မှာတော့ လူစွမ်းကောင်းပေါ့၊ ဒါပေမဲ့ သူတို့ဗိုလ်ချုပ်တွေကြားတော့ မေးငေါ့ကြတယ် ဟီးရိုးလုပ်တာပါကွာ၊ ဘာမသွားရဲစရာရှိလည်း အကျိုးတူစီးပွါးဖက်ကိစ္စဘဲဥစ္စာ၊ တိုင်းပြည်ကိုတော့ တိုင်းပြည်အတွက်ပေါ့လေ၊ ကမ္ဘာကိုတော့ ဘိန်းပပျောက်ရေးအတွက်ပေါ့လေ၊ အတွင်းရည်ရွယ်ချက်ကတော့ စစ်တပ်အင်အားဖြည့်တင်း ဘို့ မင်းတို့စည်းပွားငါတို့တဝက်ပေးပေါ့၊ မင်းတို့စည်းပွားလည်း ငါတို့ကာကွယ်ပေးမယ်ပေါ့၊ မင်းတို့က ဘိန်းမဲကနေ ဘိန်းဖြူလုပ်တတ်တယ် ငါတို့က ငွေမဲကနေငွေဖြူလုပ်တတ်တယ် အဲ လုပ်ပေးနိုင်တယ်ပေါ့၊ အဲဒီထက်ပိုတာက ဗိုလ်ခင်ညွန့်ရဲ့ ကိုယ်ကျိုးစီးပွါးလဲ ရိပ်ရိပ်ပါတယ်ဆိုဒါလောက်တော့ တိုင်းမှူးတွေ ဗိုလ်ချုပ်တွေ သိဒါပေါ့၊ တိုင်းပြည်အပေါ်မှာထားတဲ့ စေတနာ စနစ်ဆိုဒါကလည်း ကိုယ်ရကိုယ်ယူ လည်သူ လည်သလိုစားစနစ်ကိုး။

ကိုးကန့်မိုင်းလားဒေသတဝိုက်တော့ ကျုပ်သိသလောက် ဗိုလ်ခင်ညွန့် ခြေရာထပ်ထပ်ကြမ်းနေ တာပေါ့၊ သွားတိုင်းသွားတိုင်း ကျုပ်တို့မြို့ပေါ်က သူ့ဟတ်စကီးဖြတ်ဖြတ်ပျံလို့ ကျုပ်တို့မြို့က အိမ်ခေါင်မိုးတွေ တောင် မဆီမဆိုင် ဆေးသုတ်ရသေး၊ စားဝတ်နေရေးကြပ်တည်းပါတယ်ဆိုမှာ အိမ်ခေါင်မိုး ဆေးသုတ်ရမယ် ဆိုတဲ့အမိန့်က ကျုပ်တို့တမြို့လုံး ငယ်ထိပ်မြွေပေါက်တာဘဲ၊ ကျုပ်တို့မြို့သားတွေလား ခါတိုင်းထက် ပိုကျိန်ဆဲ ကြတာပေါ့၊ကျုပ်တို့တော့ ဒီလက်နက်ဘဲရှိတယ်လေ။

မနာလိုမကျေနပ်ကြတဲ့ ဗိုလ်ချုပ်တွေထဲမှာ မန္တလေးတိုင်းတိုင်းမှူး ဗိုလ်ထွန်းကြည်နဲ့ အနောက် မြောက်တိုင်းတိုင်းမှူး ဗိုလ်ကျော်ဗပေါ့၊ သူတို့က ဗိုလ်ခင်ညွန့်ကို လုံးလုံးမကြည်ဘူး၊ တပ်ထဲမှာတော့ သူတို့က ဗိုလ်ခင်ညွန့်ထက် စီနီယာအများကြီးကျတာကိုး၊ ဗိုလ်ခင်ညွန့်က သူတို့နဲ့စာရင်သူငယ်နှပ်စား မလောက်လေး မလောက်စားပေါ့၊ တချိန်တုန်းက ဗိုလ်ကလေးဘဝနဲ့ သွားလေသူ ဗိုလ်နေဝင်း ထီးတော်မိုးပါကွာ ဆိုတာမျိုး၊ ဒါကြောင့် ဘယ်တိုင်းကိုသွားသွား ဘုရင်တဆူလို ခရီးဦးကြိုပြုရတဲ့ တွင်းတစ် ဗိုလ်ခင်ညွန့်ကို သူတို့ နှစ်ယောက်က လူစာရင်းသွင်းချင်တာမဟုတ်ဘူး၊ ပွဲလန့်တုန်းဖျာခင်းသွားတာ၊ စိန်နားကပ်ရောင်နဲ့ ပါးပြောင်တာပါပေါ့ ဒါလဲသူတို့အတွင်းထဲကထွက်လာတဲ့စကားတွေဘဲ၊ ဗိုလ်ခင်ညွန့်လာရင် လက်အောက်က ဗိုလ်မှူးတယောက်သွားကြိုခိုင်းလိုက်၊ သင့်တင့်တဲ့ ဧည့်ဂေဟာမှာ နေရာချခိုင်းလိုက်တာဘဲ၊ ပြီးတော့မှ တွေ့ချင်ရင် သူတို့ရုံးခန်းလာတွေ့ ဒါဘဲ၊ သိသိသာသာဘဲ မင်းဘာမင်းဘာဂေါင်ဖြစ်ဖြစ် ငါတို့တန်းတော့ လာမညှိနဲ့ဆိုတာမျိုး၊ ဒါကိုလဲဗိုလ်ခင်ညွန့်က မသိမဟုတ်ဘူးသိတယ်၊ သူတို့ထင်သလိုဟုတ်သင့်သလောက်လဲ ဟုတ်နေတယ်၊ ဒါပေမဲ့ ဘာဘဲဖြစ်ဖြစ် အခုငါဘာကောင်လဲဆိုဒါသိသင့်တယ်လို့လည်း စိတ်ထဲက ကြိတ်နေတယ်၊ နေသေးသပ ခြုံထဲကဂျိုသွေးသဗျ တမြမြ ဆိုဒါလိုပေါ့လေ။
ဒီလိုဘိန်းသမားတွေနဲ့ ဗိုလ်ခင်ညွန့် လုံးလုံးထွေးထွေး သမီးယောက်ဖ ခမည်းခမက် ဖြစ်နေတဲ့အချိန် ဗိုလ်ထွန်းကြည် အကြောင်းလည်းပြောရအုံးမယ်၊ ဗိုလ်ထွန်းကြည်ကလည်း ဟိုနေပြည်တော်သန်းထွန်းဆိုတဲ့ အထက်မြန်မာပြည် မာဖီးယားဂိုဏ်းခေါင်းဆောင်နဲ့ စားလို့ရတာအကုန်စား လုပ်လို့ရတာ အကုန်လုပ်နေ လိုက်တာ ကြာရင် တိုင်းပြည်တောင် ပဲပြုတ်သယ်တောင်းထဲက ပဲပြုတ်လို ချိန်ခွင်ထဲဆင်းရတော့မယ့်အတိုင်းဘဲ လုပ်နေတာပြောပါတယ်၊ ဒါကိုဗိုလ်ခင်ညွန့်မသိဘူးမဟုတ်ဘူး သိတယ်၊ သူကသူတို့လိုတပ်မှူးမဟုတ်ပေမဲ့ ထောက်လှမ်းရေးလေ၊ စားတာသောက်တာ အကုန်သိတယ် ဗိုလ်နေဝင်းလက်ထက်ကတည်းက ရထားတဲ့ ခွေးရေပုရပိုက်ပေါ်မှာ ကဗ္ဗည်းအက္ခရာတင်ပြီးသား အချိန်တန်ရင် မောင်းဖြုတ်လိုက်ရုံဘဲ၊ အဲဒီ မှတ်တမ်းထဲမှာ ဗိုလ်ထွန်းကြည်တင်မကဘူး ဗိုလ်ထွန်းကြည်ကတော် ရဲ့ဒိုင်ယာယီလည်းပါတယ်၊ ဒီဇာတ်လမ်းမှာ ဒီဒိုင်ယာယီကအဓိက သူ့ကြောင့် ဒီဇာတ်လမ်းဖြစ်လာတာ။

ဖြစ်ပုံက ဒီလို တိုင်းအတွင်း ကျေးလက်တောရွာလေးတွေမှာ တာဝန်ကျတဲ့ ကျောင်းဆရာမလေးတွေ မြို့ပေါ်ကျောင်းရောက်ချင်ရင် ရွှေနှစ်ကျပ်သားပေးရတယ်၊ ဆိုင်ရာပိုင်ရာ နီးစပ်ရာကတဆင့် တိုင်းမှူးကတော် မမကြီးလက်ဝယ်အရောက် ဆက်သရတယ် လက်ဝတ်လက်စားပေါ့လေ၊ အဲသူ့လက်ထဲရောက်ပြီဆိုရင်တော့ သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးဆီ ဖုန်းဆက်လိုက်တာဘဲ၊ အဲမောင်ဘသူ အဲဒီနားက ဘယ်ရွာကပေါ့ ဆရာမလေး ဘယ်သူဖြင့် မမကြီးတူမလေးပါကွယ် ကြည့်ရှုလိုက်ပါအုံးဆိုရင်ပြီးတယ်၊ မမကြီးတူမလေးတွေ ကလည်း များလာတော့ ကျော်ကြားလာတာပေါ့၊ ဗျာ--ဒါလား အဆန်းမဟုတ်ပါဘူး လုပ်ရိုးလုပ်စဉ်ပါ၊ သူတို့တက်လာတော့ ကြွေးကြော်လာတယ်မဟုတ်လား လဒ်ပေးလဒ်ယူ ဒို့ရန်သူဆိုဒါလေ၊ ကျုပ်တို့က စစ်စစ်ပေါက်ပေါက်မတွေးလို့ အဲဒီဆောင်ပုဒ်က မဆုံးသေးဘူးဗျ၊ ဖိုးသူတော်ဦးမင်းနဲ့ လူဦးမင်း စာချိုးတွေလိုဘဲ အခံပိုဒ်နဲ့ အအုပ်ပိုဒ်မှာ ဒါက အခံပိုဒ်ဘဲရှိသေးတာ အအုပ်ပိုဒ်မပါသေးဘူး၊ အမှန်က လဒ်ပေးလဒ်ယူ ဒို့ရန်သူ၊ လဒ်ယူလဒ်ပေး ဒို့အရေး၊ ဒါမှအခံပိုဒ် အအုပ်ပိုဒ် ပြည့်စုံတာကလား၊ သူတို့ ဗိုလ်ချုပ်တွေအချင်းချင်းတော့ အအုပ်ပိုဒ်ကိုသုံးတယ်၊ အခံပိုဒ်ကတော့ ရှိုးထားတာပေါ့ဗျာ၊ ဗိုလ်ထွန်းကြည်ကတော် ဒီလိုတဖက်က ရွှေရှာနေတာ ရွှေစားနေတာလည်း ဗိုလ်ထွန်းကြည်သိတာဘဲ၊ ညည မအိပ်ခင် ချိန်ခွင်တလုံးနဲ့ သူတို့ လင်မယားအလုပ်များဆိုဘဲ၊ ချစ်တီးများ ညည အိပ်ခါနီး ပိုင်ဆိုင်သမျှငွေ ထုတ်ထုတ်ရေဆိုသလိုပေါ့၊ ဒါကိုဗိုလ်ခင်ညွန့်ကလည်း အစအဆုံးကောင်းကောင်းသိတယ်၊ ဖြစ်နိုင် ပါ့မလားလို့မမေးနဲ့ နေ့တဓူဝ မြို့ပေါ်ကနေ ရွာကျောင်းမှာ စာသွားသင်ရတဲ့ဒုက္ခနဲမှတ်လို့၊ မြို့နယ်တွေကတော့ မဝတ တို့ဘာတို့ပေါ့ဗျာ ဂရုစိုက်ပါတယ် တွေ့တဲ့တက္ကစီတားစီး အလကားတင်ရမယ်ပေါ့ အမိန့်ထုတ်ထားတာဘဲ၊ တင်ပါတယ် ကြောက်ရတာကိုး ဒါပေမဲ့ ရိုင်းရိုင်းပြပြ စပါယ်ယာနဲ့တွေ့တော့လဲ သားပြောမယားပြော ပြောခံရတာတွေ၊ ကားပေါ်အတက် တောင်ကိုင်မြောက်ကိုင် ကိုင်ခံရတာတွေ၊ ကားလမ်းနဲ့ရွာကြား ထန်းရေသမား အရက်သမား ကြောက်ရတာတွေ၊ အို--ဆရာမလေးတွေ ဒုက္ခများပြောပါတယ်၊ နေ့တဓူဝ ဒီတော့လည်း မိဘမောင်ဘွားတွေက မတတ်နိုင်တတ်နိုင် ဒီဝဋ်ကလွတ်အောင် စုစပ်ပြီး ပသရတာဘဲ။

အရှင်ကြီးဗိုလ်ထွန်းကြည် ရွှေစားတယ်ဆိုတဲ့သတင်းကလည်း တိုင်းအတွင်း မွှေးပျံ့နေသလို ဗိုလ်ခင်ညွန့်နားထဲလည်း မဆန့်အောင်ကြားလာတော့ ဗိုလ်ခင်ညွန့် ကျွဲမီးတိုလာတယ်၊ တရက်တော့ ဗိုလ်ခင်ညွန့် နယ်စပ်ဒေသကအပြန် မန္တလေးဝင်မယ်ပေါ့ ဟတ်စကီးဆင်းတော့ နန်းတွင်းထဲဆင်းတယ်၊ ထုံးစံအတိုင်း ဗိုလ်မှူးတယောက်သွားကြိုတယ်၊ နားဘို့ပြုဘို့ ဂေဟာတခုစီစဉ်ပေးထားတဲ့နေရာမှာ ဗိုလ်ခင်ညွန့် နားပြုပြီး ဗိုလ်ထွန်းကြည် ရုံးခန်းကိုသွားတွေ့တယ်၊ ရုံးခန်းထဲဝင်တော့ စိတ်ပေါက်နေတဲ့ ဗိုလ်ခင်ညွန့်က ဗိုလ်ထွန်းကြည်ကို ဒီလိုခနဲ့တဲ့တဲ့ နုတ်ခွန်းဆက်တယ် ဘယ့်နှယ်လဲ အကိုကြီး ကိုရွှေထွန်းကြည် နေကောင်းရဲ့လားပေါ့၊ ဒီတော့ ဗိုလ်ထွန်းကြည်ကလည်းပြန်ခနဲ့တယ်တဲ့ ကောင်းပါတယ် ဖိုးခင်ညွန့်ရာတဲ့၊ ဒါကျုပ်က လုပ်ကြံပြောတာမဟုတ်ဘူး သူတို့နဲ့အနီးဆုံး လူဆီကလာတဲ့ စကား ကြာတော့ဖြင့် ကြာပါပြီ။

အခုတော့ တိုင်းမှူးထွန်းကြည်ဆိုတာလည်း အချက်စောင့်နေတဲ့ ဗိုလ်ခင်ညွန့်လက်မှာ စီးပွါးရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဆိုပြီး တင်လိုက်၊ ဝန်ကြီးဖြစ်သွားတော့ တပ်လက်ကိုင်မရှိတော့ဘူးလေ ဒီတော့မှ ဟိုလိုလို ဒီလိုလိုနဲ့ ဖြုတ်ချလိုက်တာဘဲ၊ ဗိုလ်ကျော်ဗလဲ ဒီတိုင်းဘဲ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဆိုပြီး တင်ရိုက်လိုက်တာဘဲ၊ တိုင်းမှူးဘဝနဲ့တော့ မဖြုတ်ဘူး၊ သူတို့တပ်တွေကလည်း သူတို့ဘဘကြီးကိုထိရင် ခံမှာမဟုတ်ဘူးလေ အခု ဝန်ကြီးဖြစ်မှ ဖြုတ်တော့ ဘဘကြီးဘာဖြစ်ပါလိမ့်ပေါ့ ဒါလောက်ဘဲ နှစ်ယောက် စလုံးကို နင်းခြေလိုက်တာဘဲ၊တပ်တွေကတော့ ဘယ်ထမလဲ သူတို့မှာလဲ လက်ရှိက အဘအသစ် ရောက်နေ ပြီကိုး။

အင်း ------အခုလည်း ဗိုလ်ခင်ညွန့်ရော နင်းခံလိုက်ရတာဘဲမဟုတ်လား ဝန်ကြီးချုပ်တင်ပြီး ဘာကြာ လိုက်လို့၊ ဆိုင်းငံ့ထောင်တောင် နှစ်လေးဆယ်အပိုပါလိုက်သေး၊ ပြည်သူတွေကိုနိုင်ရာညှင်းတဲ့ လူအချင်းချင်း တရက်ကြရင် နိုင်ရာနင်းကြမှာပါဘဲလေ။ ဒါက ဖြစ်ရိုးဖြစ်စဉ်တွေပါ မကြာပါဘူး။

ဘဂျီးအောင် (ပြင်ဦးလွင်)

12 comments:

Nge Naing said...

ကိုဇော်ရေ လာဖတ်သွားပါတယ်။ မသိတဲ့အကြောင်းအရာတွေ သိရလို့ ကျေးဇူးတင်တယ်။ အဲဒီဘက်က ရန်သူနဲ့ စေ့စပ်သွားတဲ့ တိုင်းရင်းသားအဖွဲ့တွေ အကြောင်းကို သိပ်မလေ့လာခဲ့ဖူးဘူး။

သူကြီးမင်း (တုံးဖလား) said...

ဗဟုသုတစုံပါ့ဗျာ။
ဖတ်ရတာ ဘယ်လိုပြီးသွားမှန်းတောင်မသိဘူး။ ဖတ်ကောင်းတုန်း ပြီးသွားတယ်။ တကယ်ဗဟုသုတရပါတယ်။

Angel Shaper said...

ဝါးးးးးးးးးးးး
သမီးမသိတာတွေ အများကြီး သိသွားပြီ။
ဗဟုသုတစုံပါ့။ အားလုံး သိထားသင့်ပါတယ်။
ကျေးဇူးပါ ကိုကြီးရေ........

rose of sharon said...

မကြားဖူးသေးတဲ့ သူတို့အတွင်းရေးတွေ သိလိုက်ရတယ်

kiki said...

ဘမျိုးဘိုးတူ တွေ ၊
ဒီပုတ်ထဲက ဒီပဲတွေ ၊
ဦးရင် ဆော်ကြတဲ့ သူတွေ ၊အကြောင်း
မသိသေးတဲ့ အတွင်းရေး များ ။
ဖတ်လိုက်ရတာ ကျေးဇူးပါဘဲ ကိုဇော်ရေ ။။

အပြစ်လုပ်ထားကြသူများ
ပြစ်မှုပေါင်းများစွာ အတွက် ...
သံသရာကြွေး ဆပ်ကြရအုံးမှာပါ ...

ahphyulay said...

ကြာပါတယ်ဗျ၊...ကျွန်တော်ခဏခဏပြောနေတာ။
ကျောင်းဆိုးပြိုခဲနေလိုက်တာများ၊အဖေမဆုံးခင်
ကျောင်းသားဘဝကတဲက၊ ဒို့ အရေးလုပ်ခဲ့ ရတာ၊
အခု အဖေဆုံးပြီး၊ အကြီးကောင်တောင် ဂျီ.တီ.စီ
ဒုတိယနှစ်ရောက်နေပြီ။နောက်ကမ္ဘာတည်သရွေ့ 
ကြာတော့ မဲ့ စိတ်ကြိုက်ဥပဒေတောင်ဆွဲပြီးသွားပြီ။
ကျွန်တော်မကွယ်လွန်မှီတောင်၊အရပ်သားအစိုးရ
စစ်စစ်ကိုမြင်ရပါတော့ မလားလို့ ၊ဟေ့ ...မောင်သောင်း
သတင်းလဲလိုက်ဦးနော်၊မွှေတော့ မယ်ဒီကောင်၊သန်း
ရွှေအိမ်ကိုဝင်စေထွက်စေရထားတဲ့ ကောင်ပေါ့ ...။

ဝက်ဝံလေး said...

အင်း တချို့တလေကိုတော့ သိတယ် သိပ်များများ စားစားတော့မဟုတ်ဘူး

ကိုဇော် တော်တော် ပြိုင်းသွားမှာပဲနော် ဒီစာကြီးရိုက်လိုက်ရတာ အရှည်ကြီးပဲ ဖတ်လို့ ကောင်းတယ် သိလား တကယ့်အဖြစ်အပျက်တွေဆိုတော့လေ

လာတယ်နော် ကိုဇော်
ဘိုင် တာ့တာ

ကိုလူထွေး said...

ရေးထားတာ ကောင်းချက် ကိုဇော်ရေ...

ဘာတဲ့ pH 9 တွေ 10 တွေရအောင်လုပ်တဲ့...

လာဘ်ယူလာဘ်ပေး တို့အရေးတဲ့

ရွှေထွန်းကြည် ဖိုးခင်ညွန့်တဲ့...

မျှဝေပေးတာ ကျေးဇူးပါ ကိုဇော်ရေ...

းဝ)

စည်သူ said...

ကိုဇော်ရေ..

ကိုဇော်ပြောမှပဲ သိရတော့တယ်..

ဒီလောက်တောင် ရှုပ်ထွေးရလားဗျ..

အော်.. ဘာတဲ့..
အခံပိုဒ်နဲ့ အပိတ်ပိုဒ်.. ကိုဇော်ကတော့ဗျာ..
လုပ်တတ်ပါပေ့..

ပျော်ရွှင်ပါစေဗျာ..

မျက်မှန်လေး said...

တော်တော်ကြောက်စရာကောင်းတဲ့ ဖြုတ်ထုတ်သတ် စနစ်ကြီးနော်
ရင်လေးပါဘိ

သူကြီးမင်း (တုံးဖလား) said...

ရွှေထွန်းကြည် ဖိုးခင်ညွန့် အပြင် ကျောက်ကျော်ဘ လေးပါထည့်လိုက်ရင် ရှယ်ဘဲဗျာ။

ဟဲ ဟဲ ကျနော်လဲ ကြားဖူးတာလေး ထပ်မင့်န်လိုက်တာပါ။

HRmyanmar said...

ခုမှ သေချာဖတ်ဖြစ်တယ် ကိုဇော်ရေ တကယ်ကောင်းတယ် ဗျာ
ဘဂျီးအောင် (ပြင်ဦးလွင်) ကိုရော ကိုဇော်ကို ပါ ကျေးဇူးတင်တယ်ဗျာ