ခြေလှမ်းသစ် ဆိုတာ မိမိတို့ တကိုယ်ရေ အတွက် လျှောက်လှမ်း နေသော ခြေလှမ်းများမှ အမိမြန်မာနိုင်ငံ ဘက်ဆီသို့ ဦးလှည့်စေရန်ပါ ....

စစ်ကျွန်ဘ၀ သွပ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြ

Wednesday, January 27, 2010

တခဏတာ စံစားခြင်း (သို့မဟုတ်) နယ်မြေပြောင်းခြင်း


ဇန္န၀ါရီလ ၂၀ ရက်နေ့ ၂၀၁၀ ခုနှစ် ညသန်းခေါင် ချိန်မှာ မယ်လ (ခေါ်) ဘဲဂလော် ဒုက္ခသည် စခန်းမှ မိသားစု အသစ် တစ်စု ကျနော်တို့ နေတဲ့ ယူတီကာမြို့ သို့ အခြေချ နေထိုင်ရန် ရောက်ရှိလာခဲ့ပါတယ်၊ အိမ်ထောင် ဦးစီး တယောက် ဖြစ်တဲ့ ဦးစီစီဟာ Oversea Medical Record နဲ့အတူ ဆရာဝန်နဲ့ အရေးပေါ် တွေ့ရန် Notes တွေ ပါလာပါတယ်။

နာရီပေါင်းများစွာ လေယဉ် စီးလာရတာက တကြောင်း၊ ပင်ကိုယ် ရောဂါ အခံများကြောင့်၎င်း ဦးစီစီဟာ ရောက်လာခြင်းမှာပဲ ပင်းပန်းနွယ်နယ်ကာ အသက်ရှု မ၀တဲ့ ရောဂါကို ခံစား လာခဲ့ရပါတယ်၊ ဒါနဲ့ နောက်တနေ့ မနက်မှာ ရဖျူဂျီရုံးသို့ ရောက်လာပြီး အကူအညီ တောင်းခဲ့ပါတယ်၊ အဲ့ဒီတာဝန်ကို ကျနော်ယူရကာ သူ့အား အရေးပေါ် ဆေးရုံ တစ်ရုံဖြစ်တဲ့ St. Elizabeth ER ဌာန သို့ လိုက်ပို့ ခဲ့လိုက်ပါတယ်။

တနေ့က အလုပ်လုပ်နေရင်း သူငယ်ချင်း တယောက် နဲ့ လမ်းအသွားမှာ တိုက်မိတော့ မလိုလို ဖြစ်သွားရင်း သူငယ်ချင်းက ဇော့် … “နင့်သူငယ်ချင်းလေ Unconscious ဖြစ်နေတယ် မသိသေးဘူးလား?” “ဟဲ့ ဘယ်သူ့ကို ပြောနေတာလဲ အလန့်တကြားနဲ့” သူက “ဦးစီစီလေ”၊ ကျနော်က “ဘယ်က ဦးစီစီလဲ” .. တယောက်တခွန်း အပြန်အလှန်ပေါ့၊ ဒါနဲ့ သူလည်း ကျနော့် အနားသို့ ကပ်လာကာ အစအဆုံး (…+..! …-.. ? …=….) ရှင်းပြတော့မှ ကျနော်သွားလိုက်ပို့ခဲ့တဲ့ ဦးစီစီ ဖြစ်နေကြောင်း သိလိုက်ရတယ်။

ဒီလိုနဲ့ပဲ မနေ့က သူငယ်ချင်း ထပ်ပြီး ဖုန်းခေါ်လာပြန်တယ်၊ “ဇော်ဇော်ရေ ဦးစီစီ ကို သွားပို့တုန်းက ဆရာဝန်က ဘာရောဂါ ဖြစ်နေတယ်လို့ ပြောသေးလဲ?” ကျနော် သိထားတာတွေ အကုန် ပြေပြလိုက်တာပေါ့၊ သူ့မှာ မွေးရာ ပါ နှစ်လုံးပေါက်နေခြင်း (နှလုံးထဲမှာ အပေါက်ရှိနေခြင်း) နဲ့ နှလုံးထဲမှာ အရည်များ ၀င်နေခြင်း တို့ ပါပဲ၊ ကျနော် ပြောပြနေလို့ စကားဆုံတာနဲ့ သူငယ်ချင်းက “အေး … သူ အခု သေသွားပြီဟဲ့” “ဟင်း… ဟိတ်….. နင်ဘယ်လို လုပ်သိတာလဲ?” လုံးဝမယုံကြည်နိုင်တဲ့ ကျနော့် အသိတွေက ချက်ခြင်းဆိုသလို သူ့ကို တုံ့ပြန် ပစ်လိုက်မိတယ်၊ တဆက်တည်းမှာပဲ သူ့ဆီက ဘာအဖြေမှ မရခင်မှာ ကျနော့်ဘက်က စက်သေနတ် တလက်လို မေးခွန်းတွေ ဆက်တိုက် မေးလိုက်မိတယ်၊ သူက “အေး .. ငါရှင်းပြမယ် … နားထောင် … သူ … အခု ဆုံးသွားတာက … နှလုံးရောဂါရယ်.. အဆုပ်အအေးမိတာရယ် .. အို ပြောရရင်တော့ စုံနေတာပဲဟာ” ……. “ငါအခု .. သူ့ မိန်းမနဲ့ ခလေးတွေကို ခေါ်ပြီး သူ့ကို သွားကြည့်နေတယ်လေ” …. နောက်ပိုင်းမှာတော့ ဦးစီစီရဲ့ မိသားစု များရဲ့ ခံစား နေရတဲ့ အခြေအနေ အားလုံးကို ဖုံးထဲကနေပဲ ဆက်လက်ပြီး ပြောပြနေခဲ့တယ်။

ကျနော် အံသြနေတာက .. ၂၀ ရက်နေ့မှ အမေရိကားကို ရောက်လာပြီး နေရာချပေးထားတဲ့ အိမ်မှာ နာရီ ပိုင်းမျှသာ နေလိုက်ရကာ ၂၄ ရက်နေ့ အထိ ဆေးရုံပေါ်မှာ လဲလျှောင်းရင်း အသက်ဆုံးပါး သွားသော ဦးစီစီ အတွက်။

အမေရိကန် လိုနိုင်ငံမျိုးကို ကမ္ဘာတလွှားက လူတွေက အကြောင်းအမျိုးမျိုး ဖန်တီးပြီး မရောက်ရောက်အောင် ကြိုးစား လာနေရတဲ့ အချိန်မှာ ဦးစီစီ တယောက် လွယ်လင့်တကူပဲ မိသားစုနဲ့ အတူ တပြားတချပ်မှ မကုန်ပဲ ရောက်လာခဲ့ကြတယ်၊ ဒုက္ခများက ကင်းဝေးရန်နဲ့ မိသားစု၏ ရှေ့ရေးတွေကို စဉ်စားပြီး ဆုံးဖြတ်ခဲ့တဲ့ ဦးစီစီ တယောက် အခုတော့ ဆုံးဖြတ်ချက်တွေ မှားသွားခဲ့ပြီလား?

ဦးစီစီနဲ့ ပတ်သက်လို့ အကျယ်တ၀င့်တွေ ပြောနေတာက ကျနော့်အတွက် အကြောင်းတော့ ရှိတယ်၊ ဒီလိုမျိုး ရေးဖြစ်အောင် ဖန်တီးခဲ့တာက …. သူနဲ့ ကျနော်တို့ နှစ်ယောာက် ကြားက နာရီပိုင်းအတွင်းမှာ ပြောဆို နေခဲ့တဲ့ စကားလုံးလေးတွေနဲ့ ယဉ်းနည်းမှု လေးတွေ ကြောင့်ပါ။

ဦးစီစီကို ဆေးရုံလိုက် ပို့တဲ့ နေ့မှာပေါ့ … နံနက် ၁၀ နာရီ တည်းက နှစ်ယောက်သား ဆေးရုံကို ရောက်ခဲ့ ကြတယ် ညနေ ၅ နာရီ ထိုးတော့ ကျနော်က ကျောင်းပြန် တက်ရမယ်၊ ဒါကြောင့် အိမ်ပြန်တော့မယ်လို့ သူ့ကို ပြောခဲ့တယ်၊ သူက “ညီလေး အိမ်ပြန်မယ်ဆိုရင် ငါ့ကို တယောက်ထဲ မထားခဲ့နဲ့နော်” “သူတို့ လာမေးရင် ငါဘာမှာ ပြောတတ်မှာ မဟုတ်ဘူး”မှန်ပါတယ် အမေရိကား ရောက်လာတာ ၁ ရက်ပဲ ရှိသေးတဲ့ လူတယောက် ဟာ ပတ်ဝန်းကျင်ကို ကြောက်လန့်နေခြင်းနဲ့ ဘာသာစကား နားမလည်ခြင်း တို့က သူ့ကို အကြောက် တရားထဲ တွန်းပို့ နေမှာပါ၊ ဒါနဲ့ ကျနော်က Nurse station ကို သွားပြီး နောက်ထပ် လူတယောက် ပို့ပေးနိုင်အောင် သွားပြောခဲ့လိုက်တယ်၊ ဒါနဲ့ပဲ ကိုယ့်မျက်စိ ရှေ့မှာ ကြောက်ကန် ကန်ပြီး စိုးရိမ်နေ့တဲ့ ဦးစီစီရဲ့ စကားသံများနဲ့ မျက်နှာ အမူအရာ များဟာ အခုအချိန်အထိ ကျနော့် မျက်စိထဲ ကနေ မထွက်နိုင်သေးပဲ ….. တ၀ဲလည်လည်နဲ့ ……. အဆိုးထဲက အကောင်းကို နှိက်ထုတ် ကြည့်တော့ ဦးစီစီ တယောက် သူ့မိသားစုကို ဘ၀ အသစ်ဆီသို့ အရောက် ပို့နိုင်ခဲ့တယ်၊ ထို့အတူပဲ သူကိုယ်တိုင်က ဘ၀ အသစ် တခုကို အဖော်မပါပဲ တယောက်တည်း လျှောက်လှမ်း သွားလိုက်တယ် ...... ဦးစီစီ တယောက် ကောင်းရာ သုဂတိ လားပါစေလို့ ဆုတောင်းပေးရင်း ………

(မှတ်ချက် - ခဏတဖြုတ်အတွင်း ငြိတွယ်သွားသော သံယောဇဉ်နဲ့ အတူ သေခြင်းတရား အပေါ် သံဝေဂ ရသွားလို့ စိတ်မကောင်း စွာနဲ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ)
ကိုဇော်

4 comments:

သူကြီးမင်း (တုံးဖလား) said...

အေးဗျာ... စိတ်မကောင်းစရာဘဲ။
အမေရိကားမှာ နေထိုင်ဖို့ ကံမပါလာဘူးထင်ပါရဲ့ ။
ဒါပေမဲ့..
သူ့မိသားစုအတွက်တော့ သူစိတ်ချသွားမှာပါ။ လွတ်လပ်တဲ့ နိုင်ငံကို ရောက်နေပြီမဟုတ်လား။

ဘယ်နေရာမှာ ဘယ်လိုရောဂါနဲ့ ဘယ်တော့ သေရမယ်ဆိုတာ လူတွေမှာ သတ်မှတ်ချက်မှ မရှိဘဲကိုး။
သံဝေဂတွေယူသွားပါတယ်ဗျာ။

တလနွန် said...

စိတ်မကောင်းဖြစ်မိတရ်...
ကောင်းရာသုဂတိလားပါစေ..

kiki said...

အနိစ္စ အမြဲမရှိ ။
သေခြင်းတရားကို ဘယ်သူမှ မလွန်ဆန်နိုင်ခဲ့ကြတော့ ကံပါသလောက်ပဲ နေကြရမှာပါ ။
သူ့ မိသားစုအတွက် သူစိတ်ချသွားပြီး ကောင်းရာဘုံဘဝမှာ ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ...

Nge Naing said...

ကိုဇော်ရေ အခုမှ စာလာဖတ် ဖြစ်ပါတယ်။ သူအသေဖြောင့်မှာပါ။ ကွယ်လွန်သွားသူ ကောင်းရာသုဂတိလားပါစေလို့ ကိုဇော်နဲ့အတူ ဆုတောင်းခဲ့ပါတယ်။