သေခြင်းတရားဆိုတာ ဘယ်သူမှ မလွန်ဆန်နိုင်ပါဘူး၊ အချိန်တန်ရင်တော့ မည်သူမဆို ဒီခရီးလမ်းကို လျှောက်လှမ်း ကြရမှာပါ၊ ဘယ်နေရာမှာပဲ ပုန်းပုန်း တည့်တည့်ကြီးတိုးကာ ရှောင်ပုန်းလို့မလွတ်ကြမှာ အသေအချာပါပဲ၊ ဥပမာ ဦးသန်းရွှေကြီး ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လှိုင်ခေါင်းထဲမှာပဲ ပုံးနေပုံးနေ၊ တနေ့ကြရင်တော့ သူလည်းပဲ ဒီလမ်းကို ဦးနေ၀င်းသွားခဲ့သလိုမျိုး သွားလိုက်ရတော့မှာပါ .. ခက်တာက မသွား နိုင်သေးဘူးဗျ ……
ပြောချင်တာက အဲ့ဒါတွေ မဟုတ်ပါဘူး ကြုံတုန်းလေး ပမာပေးလိုက်တာပါ၊ မိမိကိုယ်တိုင်က နားမလည်နိုင်ပဲ တဘက် သတ်တွေးမိနေလို့လား? မသိတော့ပါ၊ တချို့ လူများဟာ အချိန်မတန်သေးပဲ ကံကုန်သွားကြတာကော မဖြစ်နိုင်ဘူးလားလို့ စဉ်းစားနေမိလို့ပါ။
နိုင်ငံအသီးသီးမှာရှိကြတဲ့ ဆရာဝန်တွေဟာ ဆေးပညာကို ဆယ့်လေးငါးနှစ်သင်ကာ အပတ်တကုတ် ကြိုးစားအားထုတ် ခဲ့ရတယ်လို့သိရပါတယ်၊ ဒီတော့ ဆရာဝန်တယောက်ဖြစ်ဖို့ရာ သာမန်စိတ်ဓါတ်တွေနဲ့ဆို အင်မတန်မှ မလွယ်လှတာ တွေ့ရ ပါတယ်၊ ဒီတော့ ဆရာဝန်တွေကလည်း မိမိလူနာတွေကို သေစေချင်တဲ့ စိတ်ဓါတ်မရှိဘဲ အသက်ဘေးကနေ နိုင် သလောက်တော့ ကူတင်ကယ်မ မှာတော့ ဧကန်မုချလို့ ထင်မြင် မိပါတယ်၊ ဒါပေမယ့် သူတို့လည်း လူသားတယောက် ဖြစ်တဲ့အတွက် အမှားနဲ့တော့ ဘယ်ကင်းနိုင်ပါ့မလဲနော် …. ဒါကြောင့် မြန်မာစကားမှာ “မမှားသောရှေ့ နေ၊ မသေသောဆေးသမား” ဆိုတဲ့ ဝေါ်ဟာရတရပ် ပေါ်လာ ခဲ့တာပေါ့၊ ဒီစကားသာသေချာပေါက်မှန်နေရင် သူတို့လည်း လူ့အသက်ကို ကယ်တင် နိုင်သလို၊ သူတို့ကြောင့် လူ့အသက်တွေလည်း ဆုံးရှုံးသွားနိုင်တာပေါ့နော် …….
ဘာရယ်လို့တော့မဟုတ်ပါဘူး၊ ကိုယ်နဲ့ လေးနှစ်နီးပါးအလုပ်အတူ လုပ်ကိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း တယောက် (Bosnian) အကြောင်းကိုတွေးတောရင်း၊ စိတ်မကောင်းဖြစ်ကာ အရင်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာများနှင့် လက်ရှိ ကျနော်တို့မြို့ မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကိုစဉ်းစားရင်း ဝေခွဲမရတဲ့အတွေး တွေ ဖြစ်ပေါ်နေလို့ ဒီပိုစ့်လေးကို ချရေးလိုက်မိတာပါ။
သူငယ်ချင်းက အခုတလော ရင်ဘတ်အရမ်းအောင့်အောင့်နေလို့ ဆေးရုံသွားပြခဲ့တယ်၊ ဒါနဲ့ သူရဲ့  PCP က Ultrasound ရိုက်ဖို့ Refer လုပ်လိုက်လို့ သူလည်းသွားခဲ့တယ်၊ ပြီးတော့ Result ကို ဆရာဝန်ကခေါ်ပြောတဲ့အခါ ရင်ဘတ် တည့်တည့်မှာ ပန်းသီးလုံးလောက်အရွယ်ရှိတဲ့ အလုံးတလုံးတွေ့ကြောင်း ပြောခဲ့တယ်၊ ပြီးတော့ အဲ့ဒီအလုံးကို လိုအပ်ရင် ခွဲထုတ်ပြီးကုသမယ်၊ နောက်တနည်းက ဆေးတိုက်၍ ထိုအလုံးကို ချေဖျက်နိုင်ကြောင်းလည်းပြောခဲ့တယ်၊ ဒါနဲ့ သူငယ်ချင်း က သူကိုယ်တိုင် Nursing လုပ်ငန်းကို ၆ နှစ်နီးပါး လုပ်ခဲ့ဖူးတော့ အကယ်၍ သူ့မှာရှိတဲ့အလုံးဟာ Cancer အကြိတ် ဖြစ်ချင် ဖြစ်နေပါစေ သူဂရု မစိုက်ပါဘူး၊ ဒါပေမယ့် အမြန်ဆုံးဆေးကုသမှုပေးရန် တောင်းဆိုခဲ့ပါတယ်၊ ဆရာဝန်က သူ့ကို ဒီ US က ခေါ်တဲ့ အတိုင်း Pain Med ပေါ့ဗျာ… အဲ့ဒါလေးနဲ့ အိပ်ဆေးလေးတွေပေးပြီး အိမ်မှာပြန်နေခိုင်းတာ တပတ်ရှိသွားပီ၊ Treatment မပေးသေးဘူး၊ အိပ်ဆေးကလည်း ညနေ ၆ နာရီက အိပ်ယာဝင်လိုက်တာ နောက်နေ့ မနက် ၈ နာရီတောင် မနိုးနိုင်ဘူးဗျ၊ ဒါပေမယ့် အိပ်ယာကလည်း ပြန်နိုးရော အောင့်တဲ့နေရာကနေ ပြန်အောင့်နေတာပါပဲ၊ ကျနော်ကြုံဖူး သလောက်က Cancer ဒါမှမဟုတ် Tumor တခုခုလို့ သံသယဖြစ်တိုင်း ဆရာဝန်အများစုဟာ Biopsy လုပ်လေ့ ရှိတတ် ကြပါတယ်၊ ဒါပေမယ့် အခုသူငယ်ချင်းကို ဒါမျိုးလည်း မလုပ် သေးပါဘူး၊ တခြားစစ်ဆေးမှုလည်း ဘာတခုမှ မလုပ်ပေးသေးပါဘူး၊ ဒါကြောင့် သူငယ်ချင်းအတွက် စိုးရိမ် စိတ်တွေဖြစ်ရင်း ကျန်တဲ့ ကိုယ့်လူမျိုးတွေ ဖြစ်ပျက်ကြုံတွေ့ နေရာတာတွေကို ဝေမျှလိုက်တာပါ။
ပြောပြချင်တာလေးတွေက US ရဲ့  ဆေးကုသမှုကို သတိထားမိလာတာ အတော်လေးလည်းကြာလာပါပြီ၊ နည်းနည်းပါးပါး လောက်တော့ သဘောပေါက်နေပါပြီ၊ ဥပမာ … လူနာတယောက် ER ကို အရေးပေါ် ရောက်လာတယ် သေလောက်အောင် နာကျဉ်နေပါစေ မည်သည့်စစ်ဆေးမှုမျှမရှိပဲ (အချိန်အရမ်းကြာခြင်းပါ) မည့်သည့် Treatment မှ ပေးရိုးထုံးစံမှရှိပါ၊ ER ကိုလူနာတယောက်သွားခဲ့ရင် ပထမအဆင့် Register လုပ်ရတယ်၊ အဲ့ဒါက အနည်းလေး ၁ နာရီကြာတယ်၊ ဒီကြားထဲ မစစ်ဆေးခင် Payment Responsibility ကို အရင်လာပြီး လက်မှတ်ထိုးခိုင်းတာကရှိသေး၊ နောက်ထပ် ဆရာဝန်လာဖို့ ၁ နာရီ ထပ်စောင့်ပါ (သေစရာရှိရင် လူနာကအရင်သေသွားပီ) ဒါတွေက သူတို့ရဲ့  Procedure လေးတွေပါ၊ ဆရာဝန် လာစစ်တာက ၅ မိနစ်ပါ ပြီးတာနဲ့ Result ကို ဆရာဝန်စီကပြန်ကြားဖို့ နောက်ထပ် ၁ နာရီ (သို့) ဒီထက် ကြာအေင် ပြန်စောင့်၊ ပြီးရင် ဆရာဝန်ပြန်လာခါ၊ ကိုယ့်ရဲ့  Result ကိုပြောရင်ပြောမယ်၊ ဒါမှမဟုတ် လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ချင် ပြုလုပ်ခိုင်းမယ်၊ ဒါတွေဟာ ကျနော်တို့မြို့  က ER ခန်းတွေရဲ့  လုပ်ငန်းစဉ် တွေပါပဲ။
ဒီလိုမျိုးအဖြစ်အပျက်တွေကို ကျနော်တို့ မြန်မာပြည်သားတွေ ဒီနိုင်ငံမှာ လာခံနေရတော့၊ အရမ်းကိုစိတ်ညစ်နေကြ တာပေါ့ဗျာ၊ နဂိုတည်းကမှ Education က နည်းကနည်းနဲ့၊ မြန်မာပြည်နဲ့ နယ်စပ်မှာဆို ဘာဖြစ်ဖြစ် … ဆေးခန်းသွားရင် တခါတည်း လိုအပ်တဲ့ဆေးကို တန်းပြီးထိုးပေးတော့တာပဲ၊ ဒီတော့ လူနာကလည်းမြန်မြန်သက်သာ၊ အချိန်လည်း မကုန်တော့၊ မြန်မာပြည်သားတွေ အရမ်းစိတ်ချမ်းသာကြ တာပေါ့ဗျာ၊ ဆေးကုသမှုတွေဟာ Asia ထက် ညံ့ဖျင်းတယ်လို့ ဆိုလိုခြင်းမဟုတ်ပါ၊ ဆေးကုသနည်းကွာခြားခြင်း ကိုဆိုလိုချင်တာပါ၊ ဒီနိုင်ငံရဲ့  ဆေးကုသမှုနည်းပညာတွေဟာ ကမ္ဘာ့အဆင့်အတန်း မှီဆိုတာမှန်ပါတယ်၊ ဒါပေမယ့် လူ့အခွင့်အရေးကို အရမ်းဂရုစိုက်တဲ့နိုင်ငံဆိုတော့ အများကြီး ရစ်တာပေါ့ဗျာ (လုံးဝအမှားအယွင်း မခံခြင်းကိုပြောတာပါ)၊ ဒါပေမယ့် ကိုယ့်လူတွေကတော့ လုံးဝမရဘူးဗျ၊ အခုသက်သာချင် သက်သာ မဟုတ်ရင် မကြာခင်သက်သာဖို့လိုတယ်၊ ခက်တာ အမေရိကန်မှာက မလိုအပ်ပဲနဲ့ လုံးဝဆေးပေးခြင်း၊ ဆေးထိုး ခြင်းမရှိပါဘူး။
ဒီလိုဆေးကုသနည်းတွေနဲ့ဘဲ ရောက်ခါစ မြန်မာပြည်သားအားကောင်းမောင်းသန်တွေ ဒီမြို့ ကိုရောက်ပြီး လပိုင်းအတွင်းမှာ တယောက်ပြီး တယောက် သေဆုံးသွားကြတော့တယ်၊ ဘာတွေဖြစ်ကုန်လည်းတော့ မသိတော့ပါဘူး …. လွန်ခဲ့တဲ့ နှစ်က ကရင်အမျိုးသား ဦးလေးကြီးတယောက်ရောက်လာတယ်၊ ရောက်ခါစမှာ အားကောင်းမောင်းသန်ကြီး၊ ကျနော်နဲ့ဆို အတွဲကျ၊ မြစ်ဝကျွန်းပေါ်သားဖြစ်ပြီး ၁၉၇၀ နောက်ပိုင်းကတည်းက ကေအန်ယူမှာတာဝန်ထမ်းဆောင်ခဲ့တာ အမေရိကန် ကို ရောက်တဲ့အထိပါပဲ၊ ဒီမြို့ ကိုရောက်ပြီးပြီးချင်း ဆေးစစ်ဆေးမှုတွေလုပ်တာနဲ့ သူမှာ အဆုပ်ကင်ဆာရှိကြောင်း ဆရာဝန်ကပြောလာတယ်၊ ဒါနဲ့ တလ အတွင်းမှာ လူဟာ အရိုးနဲ့သားရေပဲကျန်တော့တယ်၊ နောက်ထပ်စစ်ဆေးမှုတွေ ထပ်လုပ် ပြန်တယ် Radiation တွေပေး၊ Chemo therapy တွေလုပ်ရင်း တလအတွင်းမှာ လူဟာ လမ်းတောင်မလျှောက်နိုင်တော့ဘဲ၊ သေခါနီး လူလိုဖြစ်သွားခဲ့တယ် တဆက်တည်းမှာပဲ ဆရာဝန်က သူတို့ မကုသနိုင်တော့ကြောင်း၊ လူနာအသက်ရှင်ရန် တလသာလိုတော့ကြောင်း၊ Nursing Home (သို့) ကိုယ့်အိမ်သို့ ပြန်ခေါ်သွားဖို့ ပြောကြား ခဲ့တယ်၊ ဒါနဲ့ မိသားစု တွေလည်း အိမ်ကိုပြန်ခေါ်လာခဲ့တယ်၊ သိပ်မကြာလိုက်ပါဘူး ၃ ပတ်အတွင်းမှာ သူဆုံးပါး သွားခဲ့တယ်၊ သူမဆုံးခင်က ကျနော်နဲ့ ဆေးခန်းတခုမှာတွေ့တော့ သူပြောခဲ့တဲ့ စကားတခွန်းကို ကျနော် ပြန်မှတ်မိနေသေး တယ်၊ “ငါ့ဟာ ငါ တောထဲမှာပဲနေခဲ့ရင် ဒီလိုရောဂါတွေလည်း ဖြစ်လာမှာမဟုတ်ဘူးကွ ဒီကိုလာမိလို့ ငါသေရတော့မယ်” ….
နောက်တယောက်ကတော့ ဘိတ်၊ထားဝယ်ဘက်က အဒေါ်တယောက်ပါ၊ သူလည်းဒီလိုပါပဲ ရောက်ခါစတုန်းက၊ ကျမ္မာလို့ ၀ဖြိုးနေတာပဲ သိပ်မကြာခင် ဆရာဝန်နဲ့တွေကာစစ်ဆေးပြီးတော့၊ အစာအိမ်ကင်ဆာတဲ့၊ ၃ ခေါက်တောင် ဗိုက်ကိုခွဲခဲ့တယ်၊ နောက်ပြီး ခွဲစရာမရှိတော့တဲ့နောက် ဆရာဝန်က အစာအိမ်မှာ ကင်ဆာပိုးတွေအရမ်းပွားနေလို့ အစာအိမ်ကို ဖြတ်ထုတ် ခဲ့တယ်၊ အစာအိမ်မရှိတော့တဲ့နောက် သူ့ခမျာ ဘာကိုသွားစားလို့ရတော့မှာလဲ၊ Chemo တွေဘာတွေပေးရင်း မကုသနိုင်တော့ပဲ တလအတွင်း သေတော့ မယ်လို့ပြောကာ အိမ်ကိုပြန်မောင်းထုတ်ခဲ့တယ်၊ သိပ်မကြာလိုက်ပါဘူး အဒေါ်ကြီးလည်း ဆုံးပါးသွားခဲ့ရှာတယ်၊ ဒီလိုမျိုး တနှစ်အတွင်းမှာ လူ ၆ ယောက်တောင် သေဆုံးခဲ့ရရှာတယ်။
အခု နောက်တယောက်ပါ သူလည်း အားကောင်းမောင်းသန်ပါပဲ၊ စကားပြောရင်လည်း အားရပါးရပြောတတ်၊ တချိန် တုန်းက မြန်မာ့အသံရေဒီယိုမှာ သီချင်းလေးဘာလေး သီဆိုခဲ့ဖူးသူပါ၊ တနေ့ … ဗိုက်အရမ်းအောင့်လို့ ဆေးရုံသွားပြတော့ ဆရာဝန်ကဆေးရုံတင်ခဲ့လိုက်တယ်၊ ဓါတ်မှန်တွေရိုက်တယ်၊ CT Scan တွေလုပ်ရင်း အူမ ကြီးမှာ အလုံးတလုံး ရှိနေ ကြောင်း၊ ထိုအလုံးကိုထုတ်လိုက်ရင် ရောဂါသက်သာလာမှာ ဖြစ်ကြောင်း ပြောကြား ခဲ့တယ်၊ အဲ့ဒီနောက် အဆုပ်ကို သံသယ ဖြစ်ကြောင်း ပြောကြားခဲ့တယ်၊ နောက်ပြီး အဆုပ်ကို Biopsy လုပ်မယ်လို့ဆိုကာ စစ်ဆေးခဲ့တယ်၊ အဆုပ်ကိုစစ်ဆေးပြီး ဘာမှမတွေ့ကြောင်း အဖြေရလာပါတယ်၊ အခုနပြောတဲ့ အူမကြီးထဲက အလုံးကိုတော့ Tumor လို့ပြောပြီး ဗိုက်ကိုခွဲကာ ထိုအလုံးကိုထုတ်ခဲ့တယ်၊ ဒီအလုံး မရှိတော့ရင် ရောဂါကောင်းသွားမှာဖြစ်တယ်လို့လည်းပြောကြားခဲ့တယ်၊ ဒါပေမယ့် ခွဲခဲ့တဲ့ နေရာက အနာဟာ အပေါ်ယံကျက်သွားပြီး သူ့ဟာသူပြန်လည်ပေါက်ထွက်လာခဲ့တယ်၊ ဒါနဲ့ ဆရာဝန်က ပြန်ပြီး နောက်တခါ ခွဲခဲ့တယ်၊ ဒီဒုတိယအကြိမ်ခွဲတာနဲ့ သူ့မှာ Colon Cancer ရှိကြောင်း ပြောကြားခဲ့တယ်၊ ဒီကင်ဆာ တွေဟာ အူလမ်းကြောင်းကနေ စအို အထိ ပိတ်ဆို့နေကြောင်းပြောခဲ့တယ်၊ ဒါပေမယ့် သူတို့ Radiation တွေ Chemo တွေပေးရင်း ကုသသွားမယ်လို့ပြောခဲ့တယ်၊ ဒီလိုနဲ့ နောက်ထပ်တကြိမ် ဒီကင်ဆာပိုးတွေကိုထုတ်ဖို့ ဗိုက်တခါပြန်ခွဲရန် လိုအပ်ကြောင်းပြောကာ နောက်ထပ်တတိယတကြိမ် ပြန်လည်ခွဲခဲ့ပြန်ပါတယ်၊ ဒုတိယ တကြိမ်ခွဲပြီးကတည်းက အစာစားတိုင်း ၀မ်းမသွားနိုင်ကာ အစာတွေက အပေါ်ဘက်သို့ပြန်တက် လာခဲ့ တယ်၊ ဒါနဲ့ အမြဲအန်နေတတ်တယ်၊ အခုတော့ ဆေးရုံကကုသလို့မရတော့လို့ အိမ်ကိုပြန်ခေါ်လာခဲ့တယ် သူကတော့ အခြေအနေသိပ်မကောင်းရှာဘူး။
ဒီလိုနဲ့လူတွေဟာ သူတို့ကို သေတော့မယ်ပြောတော့ သူတို့ရဲ့  စိတ်ထဲမယ် ဒီကိစ္စကိုစွဲလမ်းနေပြီး တနေ့တခြား ကြောက်လန့်ကာ ရောဂါအခြေအနေတွေ ပိုပိုဆိုးလာကြတာလည်းဖြစ်နိုင်မှာပါ။
နောက်ပြီး ထူးဆန်းတဲ့လူနာတွေလည်းရှိသေး၊ ကျနော်နဲ့ အရမ်းရင်းနှီးတဲ့ လူ ၂ ယောက်ပါ၊ တယောက်က အဆုပ်ကင်ဆာ၊ နောက်တယောက်က အသည်းနဲ့သရက်ရွက်ကင်ဆာပါ၊ အဆုပ်ကင်ဆာအဖိုးကြီးကို ဆရာဝန်က လက်မခံတော့ပဲ တလအတွင်းသေမယ်လို့ပြောကာ အိမ်သို့ပြန်ပို့ခဲ့ပါတယ်၊ ဒီအဖိုး အိမ်ပြန်ရောက်လာတာ ၆ လ ပြည့်သွားပါပြီ၊ အခုထက်ထိ အသက်ရှင်တုန်းပါပဲ၊ ပိုပြီးထူးခြားတာက ပိုပြီးတောင် ကျမ္မာရေးက ကောင်းနေသေးဗျာ၊ နောက်တယောက် လည်း သူ့လိုပါပဲ ကျမ္မာသန်စွမ်းလို့ အသက်ရှင်နေတုန်းပါပဲ။
လက်ရှိဖြစ်ပျက်နေတဲ့ ကျနော်တို့ မြို့  က အဖြစ်အပျက်လေးတွေကို ပရိသတ်တယောက်အဖြစ် မြင်တွေ့ နေရ ကာ နားမလည်စွာနဲ့ ခံစားနေရင်း၊ လက်ရှိနေမကောင်းဖြစ်နေသောသူငယ်ချင်းအား စိုးရိမ်စိတ်ဖြင့်၊ ရင်ထဲတွင် ဖြစ်ပေါ်နေသော ခံစားချက်များကို အထင်အမြင်များနှင့် ရေးမိလိုက်ပါကြောင်း ၀န်ခံလိုက်ပါတယ်ဗျာ ………
(မှတ်ချက် - မှန်သည်မှားသည်ဟု မဆိုလိုပါ .. ရင်ထဲရှိ ခံစားမှုတွေကိုဖြစ်သလို ရေးချမိတာပါ … အကြံပေးချင်ပါက Comment တွင် ရေးသားခဲ့နိုင်ပါတယ်)
ကိုဇော်
9 comments:
ဟုတ်တယ်နော်... ဆရာဝန်တွေ တခါတလေ ပေါ့ဆမိသွားတဲ့ အခါမျိုးမှာလဲ ခံရတဲ့လူနာမှာ မချိမဆန့်... ဒီမှာလဲ အဲလိုအဖြစ်မျိုးတွေ ရှိတယ်
ပြောရမယ် ဆိုရင်တော့ အများကြီးပါဘဲ ကိုဇော်ရေ ..နိုင်ငံအလိုက် procedure လေးတွေလည်း ကွဲပြားကြတာတွေ ပေါ့ ။ ရုပ်ရှင်ထဲက ER မှာတော့ ဆရာဝန်တွေ မနားကြရ ရှာပါဘူး ။ အရေးပေါ်မှာ ဒီလောက်ကြာအောင် စောင့်ရတယ် ဆိုတော့ အံ့သြ မိတယ် ။ ကင်ဆာဆိုတာကလည်းပြောရခက်သား ။ ရောဂါနာမယ်တပ်တဲ့အချိန်မှာ နောက်ကျ နေတတ်တာများတော့ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးကြတာပေါ့ ။ စောစောစီးစီးသိရအောင် စစ်ဆေးတဲ့  နည်းတွေလည်းရှိပါတယ် ။ လူတယောက်က ကိုယ့်ကိုကိုယ် ဂရုစိုက်မှု ပေါ်တည်တယ်လေ ။
ကိုဇော်မေးထားတဲ့  Ca colon အကြောင်းလေး ရေးနေဆဲပါ . . စပါယ်ရှယ်လစ်မဟုတ်တော့ အချိန်ရတဲ့ အခါမှ စာတွေ ပြန်ဖတ်နေရလို့  ကြာနေတာ .. လာမယ်နော် ...
အမေရိကားက ဆေးကုနည်းကိုတော့ မြူးလည်းကြော်တယ်
သေမလိုဖြစ်ပြီးဆေးရုံရောက်ပေါင်းမနည်းတော့ဘူး
သူတို့ ကတော့အေးဆေးပဲ ဘာမှမဖြစ်သလိုပဲ
ဆေးလေးဆလုံးပေးပြီးပစ်ထားခံရတာ အကြိမ်ကြိမ်ပဲ
အားဂျင်းခဲ ရေားဘာထူးလို့ လဲ ဆေးတောင်မပေးဘူး
မိသားစုဆရာဝန်ဆီ သွားပါတဲ့ မိသားစုဆရာဝန်ကိုတွေ့ ရဖို့ ကလည်း တလ အနည်းဆုံးစောင့်ရ တွေ့ ရပြန်တော့လည်း ပြာယာ ပြာယာ နဲ့ ဘာမှမလုပ်ဖြစ်ဖူး
မြူးလေး ငှက်ဖျား ၂ဖြစ်တုန်းကဆိုပတ်ကြာမှဆေးတိုက်တယ်
စစ်လိုက်ရတဲ့သွေးတွေ မြန်မာပြည်မှာဆိုရင်
ငှက်ဖျားပိုး ဦးဏှောက် ထဲဝင်မှာစိုးရိမ်ပြီး
အမြန်ကုကြတယ် ဒီမှာတော့ဟုတ်ပါဘူး
ရောဂါစစ်နေတာ ကိုကကြာနေတာ လူနာက
ဖျားနေတာ ကိုယ်သိတဲ့ ဆေးလောက်သောက်နေရတာ
သွေးစစ်ရင်း ကြာသွားတာပဲ ပြီးမှမြူးကမေးတော့မှ
ငှက်ဖျား တခါမှမကုဖူးလို့ တဲ့ အထက် ကိုမေးနေတာတဲ့
အထက်ကိုမေးတာကလည်း ၂ ပတ်တောင်ကြာသွားတယ်
ပြီးမှတိုက်ပြန်တော့ ဆေးသောက်ရတာ အသက်ပါထွက်တော့မယ်
ကွီနိုင်း ၃လသောက်လိုက်ရတယ် လူကမူးလို့ 
သေမလိုပဲ ရောဂါကြောင့်မဟုတ်ပဲ
ဆေးကြောင့် သေမလိုဖြစ်ခဲ့ရတယ်
ပြေားသွားတယ် ကိုကြီးဇော် ဆိုင်လားတော့သိဖူးရယ်လေ
စိတ်ဓါတ်ကျဖို့ ကောင်းတယ်
အဲ့ဒါကြီးကတော့ တစ်ခါတစ်လေ မကောင်းဘူးလို့ ထင်တယ်ဗျ ဒီလို အနောက်နိုင်ငံက လူတွေက အမြဲတမ်း ပုံစံခွက်ကြီးထဲမှာပဲ နေတယ်ဗျ
လိုက်လျောညီထွေရှိအောင်နဲ့ အခြေအနေ အချိန်အခါအရ မနေတတ်ကျတော့ဘူး တစ်ကယ်တော့ ဥပဒေဆိုတာကြီးက အမှန်တရားကို ဖျက်ဆီးနေတဲ့ အရာတစ်ခုလဲ ဖြစ်ပါတယ်
အယ် ကိုဇော် ဒီမှာလဲ ဆေးခန်းတခါ တခါပြရင် ကြာတယ် appointment လုပ်ရ ဘာရနဲ့ ရှုပ်တယ် ဒါပေမယ့် အရေးပေါ်ဆိုရင် တော့ emergency ခေါ်လိုက်ရင် ချက်ချင်းပဲလေ အင်းးး ဘာတွေ ကွာနေလဲတော့ သိတော့ဘူးရယ်
ဟုတ်ပါ့ဗျာ။
လူ့အခွင့်အရေးကလဲ ရေး ရေးနိုင်လွန်းပါ့။
ဒီမှာလဲ လိုချင်တဲ့ဆေးကို ကိုယ်တိုင်ဝယ်ခွင့်မရှိဘူး။ ဂျီပီလက်မှတ်ပါမှ ရောင်းပေးမယ်တဲ့။ မြန်မာမှာဆို ပိုက်ဆံရှိရင် ကြိုက်တဲ့ဆေးဝယ်လို့ရတယ်။
ခက်ပါ့။
တစ်ခုကောင်း တစ်ခုမကောင်းဆိုသလိုပေါ့ဗျာ။
ကျနော်တော့ဆေးခန်း၊ဆေးရုံတို့နဲ့ဝေးနိုင်သမျှဝေးအောင်ကြိုးစားနေနေပါတယ်
ကိုဇော်ရေ...
ဖတ်ရတာ တစ်မျိုးပဲနော်။
မြန်မာပြည်က ဆေးခန်းတွေ၊ ဆေးဆိုင်တွေမှ ပိုမိုက် သလိုလိုပဲနော်။
ကြားရသိရ နားဝမသက်သာပါလား ကိုဇော်ရေ... တို့မြန်မာတွေ ဘယ်နေရာရောက်ရောက် ခံဖက်ကချည်းဖြစ်နေတာ တကယ်စိတ်မကောင်းစရာပဲ
Post a Comment